စမ်းချောင်းမြို့နယ်တွင် လမ်းဖြတ်ကူးသည့် တရုတ်လူမျိုးတစ်ဦးအား ရဲဆိုင်ကယ်မှဝင်တိုက်မိသဖြင့် သေဆုံး

စမ်းချောင်းမြို့နယ်တွင် လမ်းဖြတ်ကူးသည့် တရုတ်လူမျိုးတစ်ဦးအား ရဲဆိုင်ကယ်မှဝင်တိုက်မိသဖြင့် သေဆုံး
Published 7 November 2017

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် လမ်းဖြတ်ကူးသည့် တရုတ်လူမျိုးတစ်ဦးကို ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကဝင်တိုက်မိခဲ့သဖြင့် အဆိုပါတရုတ်နိုင်ငံသား သေဆုံးမှုနိုဝင်ဘာ ၄ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

ဆိုင်ကယ်ဝင်တိုက်မှုကြောင့် သေဆုံးခဲ့သည့် တရုတ်လူမျိုးမှာ အမေရိကန်နိုင်ငံသား ခံယူထားသူတစ်ဦးဖြစ်ကြောင်းသိရပြီး သက်ကြီးရွယ်အိုတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ် ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းဘက်မှ မြေနီကုန်းတံတားဘက်သို့ ရဲတပ်သားတစ်ဦး မောင်းနှင်လာသည့် တီနာအမျိုးအစား Police စာတန်းနှင့် မီးတိုင်ပါဆိုင်ကယ်သည် မြေနုလမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးများအကြားမှဖြတ်၍ လမ်းဖြတ်ကူးသူ စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌တည်း ခိုနေထိုင်သည့် တရုတ်လူမျိုး (အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားသူ) Mr.... (၇၃ နှစ်) အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ အတိုက်ခံရမှုကြောင့် Mr..... (၇၃ နှစ်) မှာ ဝဲချိုစောင်းပွန်း၊ ပါးပွန်း၊ ရင်ဘတ်ပွန်း၊ ဝဲ/ယာ ဒူးပွန်း၊ နဖူးဖူးရောင်ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် နိုဝင်ဘာ ၅ ရက်တွင် သေဆုံးသွားပြီး ဝင်တိုက်ခဲ့သည့် ရဲတပ်သားမှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“အတိုက်ခံခဲ့ရတဲ့ တရုတ်လူမျိုး အမေရိကန်နိုင်ငံသားကတော့ နောက်နေ့ည ၈ နာရီ မိနစ် ၂၀ မှာ ဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။ ရဲတပ်သားလည်း အခုဆေးရုံမှာပါ။ ရဲတပ်သားကိုလည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။ သူဆေးရုံကဆင်းရင် တရားရင်ဆိုင်ရမှာပါ။ ပြစ်ဒဏ်ချတဲ့အပိုင်းကတော့ တရားရုံးကပဲ ဆုံးဖြတ်ချက်ချမှာပါ” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို စမ်းချောင်းမြို့မရဲစခန်းက ယာဉ် (ပ) ၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Recent