ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား မန်လွယ်ရွာတွင် ၂၂ ဘီးကုန်ကားနှင့် ခရီးသည်တင် ယာဉ်ငယ်တို့ တိုက်မိပြီး ယာဉ်ငယ်ပေါ်ပါ ငါးဦးသေဆုံး

ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား မန်လွယ်ရွာတွင် ၂၂ ဘီးကုန်ကားနှင့် ခရီးသည်တင် ယာဉ်ငယ်တို့ တိုက်မိပြီး ယာဉ်ငယ်ပေါ်ပါ ငါးဦးသေဆုံး
Published 6 November 2017

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ မန်လွယ်ကျေးရွာ အကွေ့တွင် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ၂၂ ဘီး ကုန်တင် တွဲကားနှင့် ခရီးသည်တင် ယာဉ်ငယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်ပေါ် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် -၂၃၈/၆ နှင့် ၇ ကြားရှိ မန်လွယ် ကျေးရွာအကွေ့၊ ရှီးရင်ဟွမ်းကုန်စုံဆိုင်ရှေ့တွင် မူဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော သီပေါမြို့နယ်၊ နားမခေါ် ကျေးရွာနေသူ ယာဉ်မောင်း ကျော်ဦး (၂၁) နှစ် မောင်းနှင်လာသည့် 6K/ - - - - UD NISSAN DIESEL အမျိုးအစား ၂၂ ဘီးတွဲကား အနီရောင်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/ - - - - PROBOX  ခဲရောင်ယာဉ်အား ဝင်ရောက်တိုက်မိရာ - PROBOX ယာဉ်သည် လမ်းဘေးသို့ ချိတ်ဆွဲပါသွားပြီး လမ်းဘေးတွင် ရပ်တန့်ထားသော လမ်းကြိတ်စက်နှင့် ညှပ်မိကာ တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/ - - - - PROBOX ယာဉ်မောင်း (အမည်၊ နေရပ်၊ လိပ်စာ စုံစမ်းဆဲ) တွင် ယာလက်မောင်းကျိုး ဒဏ်ရာ၊ ဦးခေါင်းကျေမွ ဒဏ်ရာ၊ ၎င်းယာဉ်ပေါ်ပါ မချိုချိုထွေး (၅၁) နှစ် ရပ်ကွက်(၁၂)၊ လားရှိုးနေသူတွင် ယာပါးနှင့် မေးရိုး ပေါက်ပြဲပွင့်ထွက်ဒဏ်ရာ၊ ယာခြေသလုံးကျိုး ဒဏ်ရာ၊ မအိအိထွေး(၂၉)နှစ်၊ ရပ်ကွက်(၁၂)၊ လားရှိုးမြို့ နေသူတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ သက်ဇော်ထိုက် (၃၃)နှစ်၊ ရပ်ကွက်(၁)၊ လားရှိုးမြို့နေသူတွင် ယာဘက် လက်မောင်းရိုးကျိုးဒဏ်ရာ၊ ခြေကျင်းဝတ်ကျိုးဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာ၊ ခိုင်ထက် (၂၁) နှစ် ညောင်ရေးကျေးရွာ၊ မြင်းမူမြို့နယ်နေသူတွင် ဝဲလက်ကျိုးကျေဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာများ ရရှိကာ ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး(၂) ဦး တို့သည် ယာဉ်တိုက်မှု ဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မူဆယ်ဘက်ကနေ ဆင်းလာတဲ့ ၂၂ ဘီး ကုန်တင်တွဲကားနဲ့ လားရှိုးဘက်ကနေလာတဲ့ ခရီးသည်တင် ယာဉ်ငယ်တို့ မန်လွယ်ကျေးရွာအကွေ့မှာ တိုက်မိတာပါ။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်ငယ်ပေါ်မှာ ပါလာတဲ့ (၅) ဦးလုံး ယာဉ်တိုက်မှု ဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ၂၂ ဘီးကုန်တင်ယာဉ်မောင်းကိုလည်း ဖမ်းမိထားပါတယ်” ဟု ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးအောင် ပြုလုပ်မောင်းနှင်သူ တွဲကား အနီရောင် ယာဉ်မောင်း ကျော်ဦးအား ယာဉ်(ပ) ၂၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent