၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ မွေးမြူရေးကဏ္ဍ တည်ဆောက်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား

၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ မွေးမြူရေးကဏ္ဍ တည်ဆောက်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
Published 6 November 2017

ကျောက်ဖြူမြို့နယ် အတွင်းရှိ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ မွေးမြူရေးကဏ္ဍ တည်ဆောက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမတွင် ပြုလုပ်သည့် အသုံးချ ငါး၊ ပုစွန်မွေးမြူရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“သားငါး၊ ပုစွန်ကဏ္ဍနဲ့ပတ်သတ်ပြီး မွေးမြူရေး ဆောင်ရွက်နေတဲ့ သူတွေဟာ မြန်မာနိုင်ငံမှာ ၃ ဒသမ ၅ သန်းလောက်ရှိတယ်လို့ မှန်းဆချက်တွေအရ သိရတယ်။ အဲဒီအတွက် ဒီနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါတယ်။ စိုက်ပျိုးရေးနှင့် ငါး၊ ပုစွန် မွေးမြူရေးကို ယှဉ်ကြည့်မယ်ဆိုရင် ငါး၊ ပုစွန် မွေးမြူရေးဟာ မြေကိုအသုံးချမှုမှာ အလွန်တန်ဖိုးရှိတဲ့ အသုံးချမှုဖြစ်တယ်။ ရန်ကုန်တိုင်းမှာ ငါး၊ ပုစွန်မွေးမြူရေးနဲ့ပတ်သက်ပြီး ဆောင် ရွက်နေတဲ့ ဧက ၈၀၀၀၀ လောက် ရှိပါတယ်။ တရားဝင်ထူထောင်ထားတဲ့ ဧကဟာ ၄၀၀၀၀ လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ မွေးမြူရေး စနစ်တစ်ခုကို ပြန်ပြီးလှည့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မွေးမြူရေးကနေ ငါး၊ ပုစွန် နိုင်ငံတကာကို တင်ပို့ခဲ့တာဟာ မက်ထရစ်တန်ချိန် ၄ ဒသမ ၃ သန်း ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀၅ သန်းလောက် ရှာဖွေနိုင်ခဲ့တယ်။ ပမာဏ များပြီး ငွေတန်ဖိုးနည်းရတာ ဘာကြောင့်လဲဆိုပြီး လေ့လာတဲ့အခါမှာ ငါးထက်ပုစွန်က ဈေးပိုကြီးတယ်။ ပုစွန်ရဲ့ မွေးမြူနိုင်တဲ့အခန်း ကဏ္ဍဟာလည်း ကျလာတဲ့ အခြေအနေမျိုး တွေ့ရတယ်။ အတိတ်ကို ပြန်ကြည့်ပြီး အရှေ့ရဲ့ အနာဂတ်ကို ပြင်ဆင်မယ်ဆိုရင် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍကို မြှင့်တင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မွေးမြူရေးကဏ္ဍကို လတ်တလော ရှိနေတဲ့ ဧက ၈၀၀၀၀ ကို ပိုမိုအဆင့်မြှင့်တင်တဲ့ နည်းပညာတွေနဲ့ ဆောင်ရွက်နိုင်ဖို့ အတွက်ကလည်း ကဏ္ဍတစ်ခုအနေနဲ့ စဉ်းစားရမယ်။ လက်ရှိ ရှိနေတာကို အဆင့်မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ငါးကန်တွေကို တည်ဆောက်တာက စပြီးတော့ ကန်တွေကို ဘယ်လိုပုံစံမျိုး တူးဖော်ပြီး ငါး၊ ပုစွန်ကဏ္ဍရဲ့ ပြောင်းလဲမှုကို ထည့်သွင်းနိုင်တဲ့ ဇုန်ကြီးကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ မွေးမြူရေးကဏ္ဍ တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများအတွက် ဧကပေါင်း ၄၈၀၀၀၀ ရှိသော်လည်း နိုင်ငံတော်မှ တရားဝင် တူးဖော်ခွင့် ပြုထားသည့် မြေဧကမှာ ၁၀၈၀၀၀ သာ ရှိသည်။

Most Read

Most Recent