ပြင်ဦးလွင်မြို့ရှိ တစ်ခုတည်းသော အခမဲ့ဆေးခန်းတွင် အနီးဝန်းကျင် ကျေးရွာများမှ လာရောက်ကုသသူ များလာခြင်းကြောင့် စေတနာ ဆရာဝန်များ လိုအပ်နေ

ပြင်ဦးလွင်မြို့ရှိ တစ်ခုတည်းသော အခမဲ့ဆေးခန်းတွင် အနီးဝန်းကျင် ကျေးရွာများမှ လာရောက်ကုသသူ များလာခြင်းကြောင့် စေတနာ ဆရာဝန်များ လိုအပ်နေ
Published 6 November 2017

ပြင်ဦးလွင်မြို့ သန္တိသုခ အခမဲ့ဆေးခန်သို့ လာရောက်ကုသမှု ခံယူနေသူများအား တွေ့ရစဉ်

ပြင်ဦးလွင်မြို့ ငါးမည်ရ သထုံကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် သန္တိသုခ အခမဲ့ဆေးခန်းတွင် အနီးဝန်းကျင် ကျေးရွာများမှ လာရောက်ကုသူ များပြားလျက်ရှိပြီး လက်ရှိတွင် စေတနာဆရာဝန် ၁၅ ဦးခန့်က အလှည့်ကျထိုင်၍ ကုသပေးလျက် ရှိသော်လည်း စေတနာဆရာဝန်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ တစ်ခုတည်းသော အခမဲ့ဆေးခန်းကို ၂၀၁၂ ခုနှစ်မှစတင်၍ တစ်ပတ်လျှင် သုံးရက်ဖွင့်လှစ်ပြီး ကုသမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သန္တိသုခ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုကူညီရေးအသင်း ဒုဥက္ကဋ္ဌ ဦးလေးမြင့်အောင်က “လက်ရှိမှာ ဆရာဝန် ၁၅ ယောက်လောက်က အလှည့်ကျထိုင်ပြီး ကုသနေတာပါ။ တစ်ပတ်သုံးရက်ပဲဖွင့်ပေ မယ့် ရံဖန်ရံခါမှာ လိုအပ်ချက်တွေရှိနေတယ်။ဥပမာ ဆေးခန်းကတစ်ပတ်မှာ အင်္ဂါ၊ ကြာသပတေးနဲ့ စနေ သုံးရက်ကို ဖွင့်တာဆိုပေမယ့် သူ့ရက်နဲ့သူ စာရင်းပေးထားတဲ့ ဒေါက်တာက အရေးပေါ်ကိစ္စ ပေါ်လာတဲ့အခါ အစားထိုးဖို့ မရှိတာမျိုးက အမြဲကြုံရတတ်တယ်။ လူနာတွေက ရပ်ဝေးကနေ ဆေးခန်းမဖွင့်ခင်ကတည်းက ကြိုပြီးရောက်နေကြတာမို့ ဒီနေ့ဆရာဝန်မအားလို့ ပိတ်လိုက်ရတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး။ လူနာက တစ်ရက်ကို ပုံမှန် ၇၀- ၈၀ လောက်ကနေ များရင်တော့ ၁၀၀ လောက် ရှိတတ်တယ်။ နောက်ပြီး မြို့မှာတာဝန်ကျပြီး စေတနာ ဆရာဝန် အနေနဲ့ လာကုသပေးနေတဲ့ ဆရာတွေ အပြောင်းအရွှေ့ ဖြစ်တဲ့အခါ လိုအပ်ချက်က မြင့်သွားတာမျိုးရှိတယ်” ဟု ပြောကြားသည်။

ယင်းသို့ သန္တိသုခ အခမဲ့ဆေးခန်းတွင် စေတနာဆရာဝန် လိုအပ်ချက်နှင့် ပတ်သက်၍ ပြင်ဦးလွင်ဆေးရုံကြီးသို့ အကူအညီတောင်းခံမှုအချို့ ပြုလုပ်ခဲ့သော်လည်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်များအား ပြင်ပဆေးခန်းသို့ စေလွှတ်ကုသစေခြင်းမှာ လုပ်ထုံးလုပ်နည်းအရ မဖြစ်နိုင်၍ အဆင်ပြေခြင်း မရှိခဲ့ကြောင်း သိရသည်။

လိုအပ်နေသော စေတနာဆရာဝန်များ ဖြည့်ဆည်းရန် အခက်အခဲအပြင် လက်ရှိအချိန်တွင် မှတ်ပုံတင်မဲ့ တရားမဝင် ဆေးဝါးများ ထိန်းချုပ်မှုအရ တရားဝင်ဆေးဝါး ဈေးနှုန်းများပါ မြင့်တက်လာခြင်းကြောင့် အခမဲ့ဆေးခန်း ကုန်ကျစရိတ်မှာ နှစ်ဆခန့်မြင့်တက် လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ဒုဥက္ကဋ္ဌ ဦးလေးမြင့်အောင်က “အခမဲ့ ဆေးခန်းကို ၂၀၁၂ ကတည်းက ဆရာတော် ဦးသုမင်္ဂလ ကျောင်းဝင်းထဲမှာ ဖွင့်လှစ်ခဲ့သလို မိုးကုတ်ဘက်ဝန်းကျင် ပလောင်ရွာစဉ်တွေ တစ်လျှောက်ကိုလည်း လိုက်လံပြီး လှည့်လည်ကုသ ပေးနိုင်ခဲ့တယ်။ အခုအထိဆို လူနာဦးရေ လေးသောင်းကျော် ကုသပေးပြီးပြီ။ အခုလက်ရှိမှာတော့ ဆရာဝန် အခက်အခဲ၊ ဆေးဝါး အခက်အခဲတွေ ရှိလာပြီး နယ်လှည့်ကုသပေးတာမျိုး မလုပ်နိုင်တော့ဘူး။ ဆေးဝါးဈေးနှုန်းတွေ တက်လာလို့ ဆေးခန်းကုန်ကျစရိတ်က တစ်လကို အရင်ကထက် နှစ်ဆမြင့်လာနေတယ်” ဟု ပြောကြားသည်။

Most Read

Most Recent