မိခင်၊ မွေးကင်းစ၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရမြှင့်တင်ရေး လုပ်ငန်းများကို အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်မည်

မိခင်၊ မွေးကင်းစ၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရမြှင့်တင်ရေး လုပ်ငန်းများကို အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်မည်
Published 5 November 2017

စရိတ်မျှပေး ကျန်းမာရေးစနစ် ကျင့်သုံးနေသည့် ပြည်သူ့ဆေးရုံကြီး တစ်ရုံအား တွေ့ရစဉ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ၌ မိခင်၊ မွေးကင်းစ၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရ မြှင့်တင်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းအတွက် နှစ်အလိုက် မြို့နယ်များ ဆောင်ရွက်ရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့ နယ် ၇၅ မြို့နယ်၊ ၂၀၁၈-၂၀၁၉ တွင် ၈၂ မြို့နယ်၊ ၂၀၁၉-၂၀၂၀ တွင် ၈၃ မြို့နယ်၊ ၂၀၂၀-၂၀၂၁ တွင် ၈၈ မြို့နယ် စုစုပေါင်း မြို့နယ် ၃၂၈ မြို့နယ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ခုနှစ်က ကောက်ယူခဲ့သော ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်များအရ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အရှင်မွေး ၁၀၀၀ တွင် ၅၀ သေဆုံးနေ ကြောင်းသိရ၍ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု မြင့် မားနေကြောင်း၊ ကလေးသေဆုံးမှု အခြေအနေကို ဆန်းစစ်ကြည့်သောအခါ ငါးနှစ်အောက် ကလေး သေဆုံးမှု၏ ရာခိုင်နှုန်း ၆၀ သည် မွေးကင်းစကလေး သေဆုံးမှုဖြစ်ပြီး မွေး ပြီး ၂၄ နာရီအတွင်း သေဆုံးမှုသည် အများဆုံးဖြစ်သောကြောင့် မွေး ကင်းစ ကလေးကျန်းမာရေးကို အထူးအလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ မြို့နယ် ၇၀ ကျော်ကို ရွေးချယ်ပြီး ကျန်းမာရေးဌာနတွေ အတွက်လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်း အပိုင်း၊ လည်ပတ်မှုမရှိသေးတဲ့ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေ ကို ပြန်လည်တည်ဆောက်ရေးအပိုင်း၊ ပျက်စီးနေတဲ့နေရာတွေကို ပြန် လည်ပြုပြင်ခြင်းအပိုင်းနဲ့ လိုအပ်တဲ့ လူအင်အားဖြည့်တင်းခြင်း အပိုင်းတွေကို လုပ်ပါမယ်။ ဒီနှစ်အတွင်းမှာ ဒါတွေလုပ်ဖို့ စီမံထားပါတယ်။ ဒီလိုလုပ်မယ့် အတွက်ကြောင့် လိုအပ်တဲ့ မြို့နယ်စာရင်း ရွေးချယ်ခြင်းဆိုင်ရာ ကိစ္စ၊ နည်းပညာဆိုင်ရာ ကိစ္စတွေကို လုပ်ပြီးပါပြီ” ဟု အမျိုးသားကျန်းမာ ရေးစီမံကိန်းရေးဆွဲရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၆၅ ရာခိုင်နှုန်းကိုသာ ကျန်းမာရေး ဘတ်ဂျက်အဖြစ် အသုံးပြုနေပြီး အဆိုပါ ရာနှုန်းသည် ဒေသစံနှုန်း၊ ကမ္ဘာ့စံနှုန်း များအရ လွန်စွာနည်းပါးလျက် ရှိနေကြောင်း၊ အကျိုးဆက်အရ ကျန်းမာရေးဆိုင်ရာ အဓိကဘဏ္ဍာရင်းမြစ်သည် အိမ်ထောင်စုများ၏ တိုက်ရိုက် ကျခံသုံးစွဲငွေ ဖြစ်လာခဲ့ပြီး ထိုသို့ ကျခံသုံးစွဲရသဖြင့် ဆင်းရဲမွဲတေခြင်းနှင့် ကြုံတွေ့နိုင်သလို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို မရရှိနိုင်အောင် ပိတ်ပင်တားဆီး ထားသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။

 

Most Read

Most Recent