မောင်တောတောင်ပိုင်း သရေကုန်းဘောင် ကျေးရွာသားနှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဘင်္ဂါလီများအနက် သုံးဦးအား မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီများထဲမှ ဖမ်းဆီးရမိ

မောင်တောတောင်ပိုင်း သရေကုန်းဘောင် ကျေးရွာသားနှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဘင်္ဂါလီများအနက် သုံးဦးအား မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီများထဲမှ ဖမ်းဆီးရမိ
Published 5 November 2017

မောင်တောတောင်ပိုင်း သရေကုန်းဘောင်ကျေးရွာသား နှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဘင်္ဂါလီများထဲမှသုံးဦးအား မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာ ဘင်္ဂါလီများထဲမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ရွာမှ မာမွတ်ရှုက္ကူ (၂၇ နှစ်) ဘင်္ဂါလီ/အစ္စလာမ်ကျပန်း (ဘ) အီစ္စလာမ် ကျားသုံးဦးဖြစ်ပြီး နိုဝင်ဘာ ၃ ရက်ညနေပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် ပချရားတန်း လူမနေဘင်္ဂါလီကျေးရွာ ပုစွန်ကန်အနီးတောစပ်၌ လှသန်းမောင် (၅၃ နှစ်) ရခိုင်/ဗုဒ္ဓ လယ်လုပ် (ဘ) ဦးရန်မျိုးအောင် သရေကုန်းဘောင်ကျေးရွာနေသူပါ ခုနစ်ဦးတို့သည် လှသန်းမောင်ပါ နှစ်ဦးတစ်ဖွဲ့၊ ကျန်ငါးဦးတစ်ဖွဲ့တို့ဖြင့်ခွဲ၍ ငါးရှာရန်သွားရောက်စဉ် အမည်မသိ ဘင်္ဂါလီလေးဦးက ဓား၊ ရဲတင်း၊ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ထိုးခုတ်မှုကြောင့် လှသန်းမောင်တွင် ကျောကုန်း၊ ဝဲနံ၊ ခြေသလုံး၊ ဝဲ/ယာပေါင်၊ ဝဲလက်ဖျံပြတ်ရှ၊ ထိုးသွင်းဒဏ်ရာရရှိခဲ့သဖြင့် ညနေ ၇ နာရီ ၁၀ မိနစ်တွင် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယင်းမှတစ်ဆင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်သူ ဘင်္ဂါလီလေးဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ည ၉ နာရီခွဲတွင် အဆိုပါဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အမည်မသိ ဘင်္ဂါလီလေးဦးအား မကျီးချောင်း နယ်မြေရဲစခန်းမှ (ပ) ၆၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ (ပြတ်ရှသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် ရဲမှူးမင်းဝင်းစိုးဦးစီးအဖွဲ့သည် အခင်းဖြစ်နေရာ အနီးတစ်ဝိုက်၌ လိုက်လံရှင်းလင်းစဉ် စပါးခင်း၌သွားလာနေသော မာမွတ်ရှုက္ကူ (၂၇ နှစ်) ဘင်္ဂါလီ/အစ္စလာမ် ကျပန်း (ဘ) အီစ္စလာမ် ပြိုင်းတောင်ရွာ ဘူးသီးတောင်မြို့နယ်ပါ ကျားသုံးဦးအားတွေ့ရှိ၍ ပိတ်ဆို့ဖမ်းဆီးရာ မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာဘင်္ဂါလီများထဲမှ ဖမ်းဆီးရမိခဲ့၍ ည ၇ နာရီခွဲခန့် မာမွတ်ရှုက္ကူပါ သုံးဦးအား မကျီးချောင်းနယ်မြေ ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားပြီး နိုဝင်ဘာ ၆ ရက်တွင် မောင်တောမြို့နယ်တရားရုံးသို့ ချုပ်မိန့်ရမန်ရယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent