မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တရုတ်နိုင်ငံ ပြောကြား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တရုတ်နိုင်ငံ ပြောကြား
Published 5 November 2017

နိုဝင်ဘာ ၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာခရိုင်ရှိ ဘာလူခါလီဒုက္ခသည်စခန်းသို့ ဦးတည်လမ်းလျှောက်နေသော ဘင်္ဂါလီဒုက္ခသည်များအား တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက နိုဝင်ဘာ ၂ ရက်က ပြောကြားခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာအစိုးရ၏ အားထုတ်မှုရလဒ်ကြောင့် ရခိုင်ပြည်နယ် အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wu Haitao က လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသော သမိုင်းကြောင်း၊ တိုင်းရင်းသားနှင့် ဘာသာရေး အခြေခံအကြောင်းတရားများရှိပြီး မတူကွဲပြားမှုနှင့် ပဋိပက္ခများသည် ကာလရှည်ကြာကတည်းက ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံသင့်ကြောင်း၊ ပြဿနာပြေလည်ရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် အပြုသဘောဆောင်သော အကူအညီများ ပေးအပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်မှုအား ထောက်ခံကြောင်းနှင့် အခြားနိုင်ငံများက ဘင်္ဂါလီမွတ်စလင်များကို လူမျိုးစုလိုက်သုတ်သင်မှုပြုလုပ်သည့် စစ်ဆင်ရေးဟု သတ်မှတ်ကာ ပြစ်တင်ရှုတ်ချခြင်းများတွင် ပူးပေါင်းပါဝင်လိမ့်မည်မဟုတ်ကြောင်း လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ သက်ဆိုင်ရာအာဏာပိုင်တစ်ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းခန့်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ယင်းအတွက် အမေရိကန်၊ အနောက်ဖက် ဥရောပနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံအချို့က မြန်မာတပ်မတော်ကို ပြစ်တင်ဝေဖန်မှုများရှိခဲ့ပြီး ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအာဏာပိုင်များကို အလွန်အကျူးဖိအားပေးမှုများ မပြုလုပ်ရန် တိုက်တွန်းထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ဆော်ဒီအာရေဗျ ဦးဆောင်သော မွတ်စလင်နိုင်ငံများက မြန်မာနိုင်ငံတွင်ဖြစ်ပွားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချရန်လိုလားပြီး ဘင်္ဂါလီမွတ်စလင်များအပေါ် စစ်ဆင်ရေးအား အဆုံးသတ်ရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၁ ရက်တွင် အေအက်ဖ်ပီသတင်းဌာနက တွေ့ရှိသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကရေးဆွဲပြီး အဆိုပြုထားခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီသို့ ယခုသီတင်းပတ်အတွင်း စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်ဝန်းကျင်တွင် ကော်မတီ၌ မဲခွဲရန်မျှော်လင့်ထားကာ နောက်တစ်လအကြာတွင် ပြုလုပ်မည့်ညီလာခံတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent