လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရခိုင်) ကျင်းပခွင့်မပြုသည့်အပေါ် ပြည်ထောင်စုအား မည်သို့ဆက်သွားမည်နည်းဟု NCA ထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မေးခွန်းထုတ်

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရခိုင်) ကျင်းပခွင့်မပြုသည့်အပေါ် ပြည်ထောင်စုအား မည်သို့ဆက်သွားမည်နည်းဟု NCA ထိုးထားသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မေးခွန်းထုတ်
Published 5 November 2017

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (ရခိုင်) ကျင်းပခွင့်မပြုသည့်အပေါ် ပြည်ထောင်စုအား မည်သို့ဆက်သွားမည်နည်းဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ရခိုင်နှင့်ရှမ်းတွင် ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ နေပြည်တော်၌ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်ကြာပြုလုပ်ခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင်လည်း ကျင်းပခွင့်ဆုံးဖြတ်ချက် တစ်စုံတစ်ရာမရရှိခဲ့သည့်အပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“အမှန်ကတော့ ဒါအစိုးရဘက်က အားနည်းချက်ပဲ။ အစိုးရက ဘာမှလည်းအကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ရခိုင်ကိုမပေးနိုင်ဘူးဆိုတဲ့ဟာမျိုး၊ ဆက်လက်ကြိုးစားမယ်ဆိုတဲ့ဟာမျိုး ဖြစ်နေတာပေါ့။ ဒါဆိုရင် ပြည်ထောင်စုကို ဘယ်လိုဆက်သွားမလဲ။ ကျွန်မတို့ကိုမြင်တဲ့အခါမှာ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ဆိုတဲ့ မြင်ရုံနဲ့တော့မရဘူး။ ငြိမ်းချမ်းရေးကို ဘာကြောင့်လိုရသလဲ။ ဘာကြောင့်လိုချင်နေရသလဲ။ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်သွားရမလဲဆိုတဲ့ အခြေခံတွေမှာ စဉ်းစားဖို့လိုအပ်တယ်။ ငြိမ်းချမ်းရေးဆိုတာ သေနတ်မပေါက်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာမရှိတော့ဘူး။ အေးအေးဆေးဆေးရှိနေဆိုတာ ငြိမ်းချမ်းရေးဟုတ်လား။ တိုင်းရင်းသားအားလုံးဟာ သာတူညီမျှရှိတဲ့အခြေခံကို မစဉ်းစားဘူးလား။ သာတူညီမျှရှိတဲ့ အခြေခံကိုမစဉ်းစားဘူးဆိုရင် သေနတ်ပေါက်သံ စဲမစဲဆိုတာ ယုတ္တိတန်ရဲ့လားပေါ့။ အဲဒါတွေလည်း စဉ်းစားစရာတွေ အများကြီးလိုသေးတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတဲ့ မေးခွန်းက ပြဿနာရှိပါတယ်။ ငြိမ်းချမ်းရေးကို အကျိုးပြုတယ်ဆိုတာထက် တိုင်းရင်းသားအားလုံးက သွားနေကြတာက ငြိမ်းချမ်းရေးဆိုတဲ့အရာတစ်ခုပါတယ်။ နောက်တစ်ခုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကို သာတူညီမျှဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်ပဲ။ ဒီရည်ရွယ်ချက်ကို ကျွန်မတို့သွားနေကြတာဖြစ်တော့ ရခိုင်မှာ ရအောင်လုပ်သင့်တယ်။ ရှမ်းမှာ ရအောင်လုပ်သင့်တယ်။ ဒီလိုပဲ ကျွန်မတို့ကမြင်တယ်။ အဲဒါဆက်ကြိုးစားရမယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထိုသို့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးသဖြင့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး တက်၊ မတက် စသည့်ကိစ္စရပ်များကိုလည်း မပြောနိုင်သေးဘဲ အဖွဲ့တွင်အစည်းအဝေး ပြန်လည်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဦးဆောင်ကျင်းပခွင့်ရှိသော ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား RCSS နှင့် ရှမ်းနိုင်ငံရေးပါတီများက တောင်ကြီး (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပလိုသော်လည် တပ်မတော်ကမူ မိုင်းပန်မြို့တွင်သာကျင်းပရန် ထောက်ခံမှုပေးသဖြင့် နေရာအငြင်းပွားလျက်ရှိသည်။

“အရင်အတိုင်းပဲ ဘာမှမကျဘူး။ အစိုးရဘက်ကတော့၊ တပ်မတော်ဘက်ကတော့ မိုင်းပန်မှာလုပ်ပါ။ ကျွန်တော်တို့ကတော့ တောင်ကြီးမှာလုပ်ပါဆိုတဲ့ ဟာလောက်ပဲညှိမရဘူး” ဟု RCSS/SSA အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

လက်ရှိအချိန်သည် တိုင်းပြည်၏ ပြဿနာဖြေရှင်းရေး လမ်းကြောင်းကိုသွားနေခြင်းဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲလုပ်ခြင်းသည် တိုင်းပြည်ပြဿနာကိုဖြေရှင်းရန် ဦးတည်သောကြောင့် ကန့်သတ်ချက်များမရှိသင့်ကြောင်း NCA ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောကြားသည်။

“ရှမ်းဆိုလည်း မိုင်းပန်မှာလုပ်ရမယ်တို့။ တခြားနေရာမှာလုပ်ရမယ်တို့ ကန့်သတ်ချက်တွေပေါ့။ ဒါမျိုးကန့်သတ်ချက်တွေကလည်း ကျွန်တော်တို့ထင်တယ်မရှိသင့်ဘူးပေါ့လေ။ ကျွန်တော်တို့ ဒီနေ့လုပ်နေတာသည် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်နေတာမဟုတ်ဘူး။ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့တယ်။ အဲဒီရဲ့အခြေခံသည် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လျစ်လျူရှုခဲ့လို့ဖြစ်ခဲ့လို့ဖြစ်ခဲ့တာကို။ ဒါတွေကို ကျွန်တော်တို့ကရှေ့မှာ ပိုပြီးကောင်းပြီး ပြေလည်အောင်လုပ်ဖို့သွားတဲ့အခါမှာ အဲဒီလိုကန့်သတ်ချက်တွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ရဲ့ပြဿနာဟာ ပြေလည်မှာမဟုတ်သေးဘူးလို့ ထင်ပါတယ်” ဟု ဆလိုင်းယောအောင်က ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီက ကရင်၊ ပအိုဝ်း၊ ချင်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသုံးပွဲ၊ ပဲခူး၊ တနင်္သာရီ၊ ရှမ်းဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသုံးပွဲ၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ပွဲ စုစုပေါင်းခုနစ်ပွဲသာ ကျင်းပထားနိုင်ပြီး ထပ်မံကျင်းပနိုင်ခြင်းမရှိသေးပေ။

 

Most Read

Most Recent