မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းအတွက် ကျပ်ဘီလျံ ၃၀ နီးပါးသုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းအတွက် ကျပ်ဘီလျံ ၃၀ နီးပါးသုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်
Published 5 November 2017

 

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့ တောင်မြို့နယ်များသို့ ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သိရသည်။

စီမံကိန်းတစ်ခုလုံးအတွက် ကျပ် ၃၀ ဘီလျံခန့်ကုန်ကျမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာမှစတင်ကာ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်တွင် ရသေ့တောင်မြို့နယ်၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ဘူးသီးတောင်မြို့နယ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် မောင်တောမြို့နယ်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုနည်းပါးသည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်ဒေသသို့ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် နိုင်ငံတော်ဓာတ်အားစနစ်သို့ ရောက်ရှိနေပြီဖြစ်သော ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှတစ်ဆင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆၅ ဒသမ ၁ မိုင် နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များတွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီဓာတ် အားခွဲရုံများတည်ဆောက်ကာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအရ ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ဓာတ်အားပေးနိုင်ရန်အတွက် Switch bay များ စတင်လုပ်ကိုင်နေခြင်းမှာလည်း မြို့ပြလုပ်ငန်းများအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း  ကျပ်သန်း ၁၅၀၀ ကျော်ဖြင့် တည်ဆောက်ခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တော ဓာတ်အားခွဲရုံစီမံကိန်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြေညာထားသည်။

၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်း ၂၂ ဒသမ ၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံစီမံကိန်းမှာ ၂၄ နာရီအပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့တွင် အိမ်ထောင်စုပေါင်း ၃၁၉၈ စုရှိသည့်အနက် ယခင် အိမ်ထောင်စု ၉၇၆ စုကိုသာ ၅၀၀ ကေဗွီအေ မီးစက်နှစ်လုံး၊ ၃၀၀ ကေဗွီအေ မီးစက်တစ်လုံးဖြင့် တစ်ရက်လျှင် ငါးနာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေး နိုင်ခဲ့ကြောင်း၊ ယခု စီမံကိန်းပြီးစီးခဲ့မှုကြောင့် ၂၄ နာရီအပြည့် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂ မိုင်၊ ၄၀၀ ဗို့ ဓာတ်အား လိုင်း ၁၇ ဒသမ ၅ မိုင်၊ ထရန်စဖော်မာ ၁၄ လုံးကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည့်အတွက် ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများအား မကြာမီ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent