တစ်ဖက်နိုင်ငံမှ ဝင်လာသူများကို ယာယီနေရာချမည့် ဒါးကြီးဇားကျေးရွာ၌ ယာယီဆေးရုံ (သို့မဟုတ်) ကျေးလက် ကျန်းမာရေးဌာန ဖွင့်လှစ်မည်

တစ်ဖက်နိုင်ငံမှ ဝင်လာသူများကို ယာယီနေရာချမည့် ဒါးကြီးဇားကျေးရွာ၌ ယာယီဆေးရုံ (သို့မဟုတ်) ကျေးလက် ကျန်းမာရေးဌာန ဖွင့်လှစ်မည်
Published 2 November 2017

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အထူးဆေး အဖွဲ့များအား တွေ့ရစဉ်

တစ်ဖက်နိုင်ငံမှ ရခိုင်ပြည်နယ် အတွင်းသို့ ဝင်လာသူများ ယာယီပြန်လည်နေရာချထားမည့် ဒါးကြီးဇားကျေးရွာ၌ မြေပြင်အခြေအနေနှင့် လိုအပ်ချက်အပေါ် မူတည်၍ ယာယီဆေးရုံ (သို့မဟုတ်) ကျေးလက် ကျန်းမာရေးဌာန၊ ဌာနခွဲ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြန်လည်လက်ခံရေးစခန်းများ (တောင်ပြိုလက်ဝဲနှင့်ငါးခူရ) နှင့် ယာယီပြန်လည် နေရာချထားမည့် ဒါးကြီးဇားကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းသွားမည့် ဆေးအဖွဲ့များအနက် နယ်စပ်ဝင်ထွက်ပေါက် ဆေးခန်းတွင် လက်ထောက်ကျန်းမာရေးမှူး နှစ်ဦးစီ၊ သားဖွားဆရာမ နှစ်ဦးစီ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) တစ်ဦးစီ၊ ကြက်ခြေနီလေးဦးစီနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့တွင် လက်ထောက်ကျန်းမာရေးမှူး တစ်ဦးစီ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) တစ်ဦးစီ၊ ယာဉ်မောင်း နှစ်ဦးစီ ထားရှိပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆေးအဖွဲ့များအတွက် လိုအပ်သော ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများအား အခြားသော ပြည်နယ်/တိုင်းဒေသကြီးများမှ အလှည့်ကျခေါ်ယူကာ အင်အားဖြည့်ဆည်း ပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းနှင့် မောင်တောမြို့နယ် အတွင်းမှ ဒေသခံ အခြေခံ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တစ်ဖက်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက ပြန်လည်လက်ခံနိုင်ရန်အတွက် စီစဉ်ပေးထားပြီး ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများ အတွက် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူများ အတွက် ငါးခူရကျေးရွာများအား ရွေးချယ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ ဦးမှ ၁၅၀ ဦးခန့်အထိ လက်ခံပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြန်လည်လက်ခံပါက လူဝင်မှုဆိုင်ရာ လုပ်ငန်းများ National Vertification Card ထုတ်ပေးခြင်း၊ Biometric မှတ်တမ်းပြုလုပ်ခြင်း စသည်) နှင့် အခြားလိုအပ်သည်များအား သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent