တရုတ်အင်ဂျင်စက် အသုံးပြုပြီး ကိုယ်ပိုင်တီထွင်ထားသည့် လေယာဉ်ပျံသန်းရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတောင်းခံထား

တရုတ်အင်ဂျင်စက် အသုံးပြုပြီး ကိုယ်ပိုင်တီထွင်ထားသည့် လေယာဉ်ပျံသန်းရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတောင်းခံထား
Published 2 November 2017

ကိုယ်ပိုင်တီထွင်ထားသည့် လေယာဉ်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင် တရုတ်အင်ဂျင်စက်ဖြင့် တီထွင်ထားသည့် လေယာဉ်တစ်စင်း ကောင်းကင်သို့ပျံသန်းရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ တောင်းခံထားကြောင်း လေယာဉ်တီထွင်သူ ၏ပြောပြချက်အရ   သိရသည်။

တရုတ်အင်ဂျင်စက်ဖြင့် တီထွင်ထားသည့် လေယာဉ်တစ်စင်း ကောင်းကင်သို့ ပျံသန်းရန်အတွက် လပေါင်းများစွာ အချိန်ယူ လုပ်ဆောင်ခဲ့ရကြောင်း၊ အဆိုပါလေယာဉ်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကောင်းကင်သို့ စမ်းသပ်ပျံသန်းရန် အဆင့်သင့်ဖြစ်နေသော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့က ပျံသန်းခွင့် မပေးခဲ့ကြောင်း၊ ထို့နောက် ကောင်းကင်သို့ပျံသန်းရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တရားဝင်စာတင် တောင်းဆိုထားကြောင်း သိရသည်။

“ကိုယ်ပိုင်လေယာဉ်တီထွင်သူက ကျွန်တော့်ဆီကို လေယာဉ်ပျံသန်းခွင့် လာတောင်းပါတယ်။ ကျွန်တော့်အနေနဲ့က ဒီလေယာဉ် ပျံသန်းခွင့် ခွင့်ပြုလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလေယာဉ်ပေါ်မှာ လူတစ်ယောက်စီးတဲ့အတွက် သူ့မှာ အန္တရာယ်တွေရှိလာနိုင်တယ်။ ဒါနဲ့ ကျွန်တော်ကပဲ မြို့နယ်ထွေအုပ်ကို လေယာဉ်ပျံသန်းခွင့် တောင်းထားတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့အထက်မှာ ခရိုင်တို့၊ တိုင်းတို့ရှိနေတဲ့အတွက် သက်ဆိုင်ရာကို စာတင်မယ်ပြောတယ်။ သက်ဆိုင်ရာ ခွင့်ပြုချက်ရပြီးမှ ဒီလေယာဉ်ကို ပျံသန်းခွင့်ပြုပါမယ်လို့ ကျွန်တော့်ဆီ အကြောင်းကြားလာပါတယ်။ လောလောဆယ်ကတော့ လေယာဉ်ပျံသန်းခွင့်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က ဘာမှအကြောင်းကြားလာတာ မရှိသေးပါဘူး”ဟု ကျွန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောကြားသည်။

ကောင်းကင်သို့ ပျံသန်းရန်အတွက် အဆင်သင့်ဖြစ်နေသည့် တရုတ်အင်ဂျင်စက်ဖြင့် တီထွင်ထားသည့် လေယာဉ်တစ်စင်း၏ကုန်ကျမှုသည် ကျပ် ၁၅ သိန်းကျော်ရှိပြီဖြစ်ကြောင်း၊ လေယာဉ်၏ ခန္ဓာကိုယ်မှာ သုံးထပ်ပြားများ၊ သွပ်ပါးပြားများ၊ အလူမီနီယံများနှင့် သစ်မာသားအချို့ ပါဝင်ပြီး လေယာဉ်၏နောက်ပိုင်းဘီးသည် ပလတ်စတစ် အမာသားဖြင့် ပြုလုပ်ထားပြီး လေယာဉ်၏ ရှေ့ဘီး နှစ်ဘီးသည် ဆိုင်ကယ်ဘီးနှစ်ဘီးဖြင့်သာ ပြုလုပ်တီထွင်ထားသည့် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဒီလေယာဉ်ကို လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက စတင်တီထွင်ခဲ့တာပါ။ လေယာဉ်ကို ကျွန်တော်လည်း စီးချင်တယ်။ သူများလည်း စီးစေချင်တယ်” ဟု မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ ကိုယ်ပိုင်လေယာဉ်တီထွင်သူ ကျော်ဇင်ဝင်းက ဆိုသည်။

တရုတ်အင်ဂျင်စက်ဖြင့် ကိုယ်ပိုင်တီထွင်ထားသည့် လေယာဉ်သည် ဦးခေါင်းမှ လေယာဉ်၏ အမြီးပိုင်းအထိ အလျား ၁၄ ပေ၊ လေယာဉ် တောင်ပံနှစ်ဖက်အထိ အနံ ၁၇ ပေ၊ လေယာဉ်ပန်ကာမှာ ငါးပေ ငါးလက်မသာရှိကြောင်း လေယာဉ်၏အမြင့်မှာ ငါးပေခွဲရှိပြီး ဟွန်တာ ၁၆ ကောင်အား လေယာဉ်၏ ဦးခေါင်းပိုင်းအတွင်း တပ်ဆင်ထားကာ ပျံသန်းရန်အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent