ရန်ကုန်-မန္တလေးအမြန်လမ်းအား နိုင်ငံတကာအဆင့်မီ အမြန်လမ်းဖြစ်ရန်အတွက် ပထမမိုင် ၄၀ ကို ရှေ့ပြေးစီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးဆောင်ရွက်ရန် ADB ကမ်းလှမ်းထား

ရန်ကုန်-မန္တလေးအမြန်လမ်းအား နိုင်ငံတကာအဆင့်မီ အမြန်လမ်းဖြစ်ရန်အတွက် ပထမမိုင် ၄၀ ကို ရှေ့ပြေးစီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးဆောင်ရွက်ရန် ADB ကမ်းလှမ်းထား
Published 2 November 2017

 

ရန်ကုန်-မန္တလေး အမြန်လမ်းအား နိုင်ငံတကာအဆင့်မီ အမြန်လမ်းဖြစ်စေရန်အတွက် ပထမမိုင် ၄၀ (ရန်ကုန်မှ ဘောနက်ကြီးအထိ)ကို ရှေ့ပြေးစီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် ADB က ကမ်းလှမ်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နိုဝင်ဘာ ၁ ရက်က ပြည်သူ့လွှတ်တော်သို့  တက်ရောက်လာသည့် ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက အစည်းအဝေးအပြီးတွင် မီဒီယာများအား ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းသည် သတ်မှတ်ချက်များမပြည့်စုံသေးသည့်အတွက် အမြန်လမ်းဟုပင်ခေါ်ဆို၍ မရသေးကြောင်း၊ ထို့ကြောင့် သုညမိုင်မှ မိုင် ၄၀ (ရန်ကုန်မှ ဘောနက်ကြီးအပိုင်း) ကို နိုင်ငံတကာ အဆင့်မီ အမြန်လမ်းမအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

“အခုလောလောဆယ်မှာက အမြန်လမ်းလို့ ပြောလို့မရသေးဘူး။ အမြန်လမ်းဆိုတာက အချက်သုံးချက်နဲ့ပြည့်စုံမှ အမြန်လမ်းလို့ခေါ်တာ။ အမြန်လမ်းဖြစ်ဖို့အတွက် က နံပါတ် (၁) အချက်က First မြန်မြန် မောင်းနိုင်ရမယ်ပေါ့နော်။  မြန်မြန်မောင်းနိုင်ဖို့ မီးပွိုင့်တွေ မရှိရဘူး။ နံဘေးမှာ ဆိုင်ခန်းတွေမရှိရဘူး။ လူနေအိမ်တွေ မရှိရဘူး။ မြန်မြန်သွားနေရမယ်။ နံပါတ် (၂) က ယာဉ်သွားလမ်းက  Comfortable ဖြစ်ရမယ်။ နောက်အချက်က လမ်းညွှန်ဆိုင်းဘုတ်တွေ အပြည့်အစုံရှိရမယ်။ တစ်နာရီတိုင်း၊ တစ်နာရီခွဲတိုင်းမှာ နားနေရမယ့် Restaurant တွေ ရှိရမယ်။ နောက်တစ်ချက်ကတော့ Safety ။ Safety ဆိုတာက ယာဉ်မောင်းသူအတွက်ရော၊ ခရီးသည်အတွက်ရော Safety အန္တရာယ်ကင်းရှင်းတဲ့ စနစ်ရှိရမယ်။ အဲဒါတွေအကုန်လုံးက Fully Access Control လို့ ခေါ်တယ်။  Fully Access Control ရှိမှ အမြန်လမ်း၊ Expressway လို့ခေါ်တာ။ အခု ဒီလမ်းကြီးက အမြန်လမ်းလို့ ခေါ်နိုင်အောင် Fully Access Control မဖြစ်သေးဘူး။ နမူနာအားဖြင့် ဒီပေါ်မှာ ကျွဲတွေ၊ နွားတွေ သွားနေတယ်။ တစ်ခါတလေ မော်တော်ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ သွားနေတယ်။ နံဘေးမှာ Barrier ကာထားတာတွေ မရှိသေးဘူး။ Barrier ကာထားရင် တိုက်လိုက်လို့ရှိရင် ကားပဲပျက်စီးသွားမယ်။ လူဘာမှမဖြစ်တဲ့ Barrier တပ်ထားပြီး ဖြစ်ရမယ်။  အဲဒါတွေအားလုံးမရှိသေးတဲ့ လမ်း၊ တကယ်တော့ ဒါဟာ အမြန်လမ်းအဆင့် မရောက်သေးဘူး။ အဲဒီအဆင့်ရောက်ဖို့ကို ADB က ပိုင်းလော့ပရောဂျက်အနေနဲ့ သုညမိုင်ကနေ မိုင် ၄၀ အထိ  ကမ်းလှမ်းထားတယ်။ အဲဒါကို အစိုးရက သဘောတူတယ် ဆိုရင် လွှတ်တော်ကိုတင်ပြီး ဆောင်ရွက်သွားမယ်။ အရင်ဆုံး မိုင် ၄၀ ကို အဆင့်မြှင့်တင်မယ်။ မကြာဘူး။ ၂၀၂၀ မတိုင်ခင် ပြီးဖို့အတွက်ဆိုပြီး ADB ကနေ ကမ်းလှမ်းထားတာရှိတယ် ” ဟု ဦးကျော်လင်းက ဆိုသည်။

ထိုသို့ ဆောင်ရွက်ရန်အတွက် ADB က ဒေါ်လာသန်း ၁၀၀ ကျော်ဖြင့် ဆောင်ရွက်ရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent