မြန်မာ့ကမ်းလွန်လုပ်ကွက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၅၀ ထုတ်လုပ်လျက်ရှိသည့် PTTEPI က M-9 နှင့် M-11 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်မည်

မြန်မာ့ကမ်းလွန်လုပ်ကွက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၅၀ ထုတ်လုပ်လျက်ရှိသည့် PTTEPI က M-9 နှင့် M-11 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်မည်
Published 2 November 2017

မြိတ်ခရိုင်အတွင်းရှိ ကမ်းလွန်လုပ်ကွက် တစ်ခုအား တွေ့ရစဉ်

မြန်မာ့ကမ်းလွန် လုပ်ကွက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၅၀ ထုတ်လုပ် လျက်ရှိသည့် PTTEPI  က M-9 နှင့် M-11 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော် သွားမည်ဖြစ်ကြောင်း မြိတ်မြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာ့ကမ်းလွန် လုပ်ကွက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည့် PTTEPI ကုမ္ပဏီအနေဖြင့် တူးဖော်မှုများ ဆက်လက် တိုးချဲ့လုပ်ကိုင်ရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ အောက်တိုဘာ ၃၁ ရက်က မြိတ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။

“အခုရှိနေတဲ့ရေနံစင်ရဲ့ ၁၀ မိုင်ပတ်လည်ကို ငါးဖမ်းသင်္ဘောတွေ ဝင်လို့မရဘူး။ အခုပြောနေတာက ၅၀၀ မီတာ ပတ်လည်ပဲ ဝင်လို့မရဘူး။ ကျန်တဲ့နေရာတွေကို ဝင်လို့ရတယ်လို့ပြောတယ်။ ဒါပေမဲ့ အပြင်မှာတော့ ကျွန်တော်တို့ ကြုံတွေ့နေတာ ဒီလိုမဟုတ်ဘူး။ တနင်္သာရီတိုင်းဒေသကြီးက သဘာဝဓာတ်ငွေ့တွေ ထုတ်နေတယ်။ သုံးစွဲတာလည်း လုပ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် ဘာတွေများ လုပ်ပေးဖို့ အစီအစဉ် ရှိသလဲဆိုတာ ဒီမှာ စာလေးတစ်ကြောင်းတောင် မပါဘူး။ ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးက သဘာဝဓာတ်ငွေ့တွေ ရှိနေရက်သားနဲ့ ဖောင်စီးရင်း ရေငတ်နေသလို ဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးမရှိဘူး” ဟု မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားသည်။

PTTEPI ကုမ္ပဏီမှာ ထိုင်းနိုင်ငံ၏ အမျိုးသားရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံသို့ စဉ်ဆက်မပြတ် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့ ဇောတိက သဘာဝဓာတ်ငွေ့ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ အခု ၂၀၁၇ ခုနှစ်အထိ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၅၀ ထုတ်ပါတယ်။ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေသန်း ၂၅၀ ပေးပို့နိုင်ပြီးတော့ ပြည်တွင်းသုံးစွဲဖို့ အတွက်ကတော့ သန်း ၁၀၀ ပေးပို့လျက် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ထပ်ပြီးတော့ တူးဖော်မယ့် M-9၊ M-11 မှာ လက်ရှိ M-9 က သဘာဝဓာတ်ငွေ့ ပို့လွှတ်နေပါပြီ။ နောက်ထပ်တူးမယ့် ရည်ရွယ်ချက်က သဘာဝဓာတ်ငွေ့ကို ပိုမိုထုတ်လုပ်နိုင်ဖို့ ပြည်တွင်းသုံးစွဲမှုရော ပြည်ပတင်ပို့မှုကိုပါ များများဆောင်ရွက်နိုင်ဖို့ပါ။ လုပ်ကွက်တစ်ခုချင်းစီအလိုက် ဆောင်ရွက်ရတဲ့အခါမှာ လုပ်ကွက် M-9 နှင့် M-11 တို့အတွက် လုပ်ကွက်တစ်ခုချင်းစီရဲ့ ဘဏ္ဍာရေး လျာထားချက်တွေကို ဆောင်ရွက်ရာမှာ CSR လုပ်ငန်းအတွက် ဆောင်ရွက်မယ့်ကိစ္စတွေ တစ်စိတ်တစ်ပိုင်း ပါတယ်။ ဒါကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တင်ပြရပါတယ်” ဟု ကုမ္ပဏီအကြံပေး ဦးခင်မောင်ကြီးက ပြောကြားသည်။

ယခုပြုလုပ်သည့် လူထုတွေ့ဆုံပွဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဖိတ်ကြားထားသူ အချို့ သာ တက်ရောက်လာပြီး ဒေသခံများ ပါဝင်လာခြင်း မရှိသည်ကို ကျွန်းစုမြို့နယ် အရပ်ဘက်အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ထောက်ပြပြောကြားခဲ့သည်။

“ဒီစီမံကိန်းတွေ ဖြစ်လာရင် တနင်္သာရီတိုင်း ဒေသကြီးအတွက် မီးကို ဘယ်လိုပေးမလဲ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲ စသဖြင့် အစီအစဉ်တွေရှိရင် ကျွန်တော်တို့လည်း အားတက်သရော ဖြစ်မှာပါ။ အခုက ပြလိုက်တဲ့ အစီအစဉ်တွေ၊ လုပ်ထားတာတွေ၊ လုပ်မယ့်ဟာတွေ အားလုံးက ကျွန်တော်တို့အတွက် တစ်ခုမှ မပါဘူး။ ကျွန်တော်တို့ ဝမ်းနည်းပါတယ်။ ငါးဖမ်းကွက်ထဲမှာလည်း ရှိနေတယ်။ ငါးဖမ်းလှေတွေကလည်း ရှောင်ရှားပေးရမယ်။ ကျွန်တော်တို့ အတွက်လည်း ဘာမှအကျိူးမရှိဘူး။ ကျွန်တော်တို့ကတော့ ရှင်းရှင်းပဲ ပြောချင်ပါတယ်။ ငါးဖမ်းကွက်တွေထဲမှာ လာမတူးစေချင်ဘူး။ ဝေးတဲ့နေရာတွေမှာပဲ သွားလုပ်စေချင်တယ်” ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ဆက်လက်ပြောကြားသည်။

PTTEPI ကုမ္ပဏီအနေဖြင့် မြန်မာ့ကမ်းလွန်လုပ်ကွက် M-11 အတွက် ထုတ်လုပ်မှု ခွဲဝေခံစားရေး စာချုပ်ကို ၂၀၀၅ ခုနှစ်ကတည်းက ချုပ်ဆိုထားသလို ရှာဖွေရေးတွင်း နှစ်တွင်း ပါဝင်မည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရန် ၂၀၁၈ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

M-9 မှာ ထုတ်လုပ်မှု ခွဲဝေခံစားရေး စာချုပ်ကို ၂၀၀၃ ခုနှစ်ကတည်းက ချုပ်ဆိုထားပြီး ထုတ်လုပ်မှုပမာဏ တိုးမြင့်ရန် အကဲဖြတ်တွင်းနှင့် ရှာဖွေရေးတွင်း စုစုပေါင်း ၁၂ တွင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent