မြန်မာ့သနပ်ခါးကို သစ်တောခွန် ကင်းလွတ်ခွင့်ပြုပြီး လွတ်လပ်စွာ သယ်ယူရောင်းဝယ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသော်လည်း ဖမ်းဆီးမှုများရှိနေ

မြန်မာ့သနပ်ခါးကို သစ်တောခွန် ကင်းလွတ်ခွင့်ပြုပြီး လွတ်လပ်စွာ သယ်ယူရောင်းဝယ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသော်လည်း ဖမ်းဆီးမှုများရှိနေ
Published 2 November 2017

ဈေးကွက်သို့ ပို့ဆောင်ရန် သနပ်ခါးတုံးများ ပြင်ဆင်နေသည်ကို တွေ့ရစဉ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများအား အခွန်ကောက်ခံနေခြင်းကို ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသော်လည်း ဖမ်းဆီးမှုများ ရှိနေသေးကြောင်း အရာတော် သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီ၏ (၂၇/၂၀၁၇) အစည်းအဝေး ဆုံးဖြတ်ချက်အရ သစ်တောနယ်မြေပြင်ပ ပုဂ္ဂလိကပိုင်မြေနှင့် ကိုယ်ပိုင်ဥယျာဉ်ခြံမြေများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက ကိုယ်ပိုင်စိုက်ပျိုး ထုတ်လုပ်သော သနပ်ခါး၊ ဖာလာ၊ ဝဥ စသည့် သစ်မဟုတ်သည့် သစ်တောထွက် ပစ္စည်းများအား သစ်တောဦးစီးဌာန၌ မှတ်ပုံတင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရန် အလို့ငှာ သယ်ယူပို့ဆောင်ခြင်းအတွက် သစ်တောဦးစီးဌာန၏ မျှောစာနှင့် ထောက်ခံချက် ရယူခြင်းတို့ကို ကင်းလွတ်ခွင့်ပြုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“သနပ်ခါးရယ်၊ ဝဥရယ်၊ ဖာလာရယ်ကို ပြည်တွင်းမှာ လွတ်လပ်စွာသွားလာဖို့ တရား ဝင် ခွင့်ပြုခဲ့ပါတယ်၊ တရားဝင်ခွင့်ပြုပေးခဲ့ပေ မယ့် အရာတော်မြို့နယ်က သနပ်ခါးအသင်း သားတွေဆိုရင် ကညွန့်ကွင်းမှာဆို ရဲကျင်း ကျေးရွာက ကိုဇော်လတ်ကို ကညွန့်ကွင်း သစ် တောက ဖမ်းဆီးပါတယ်။ နောက် မင်းလှမြို့ နယ်က ဒေါ်မာမာဦးရဲ့ သနပ်ခါးကို မင်းလှမြို့ အဝင် သစ်တောဂိတ်ကနေ ဖမ်းဆီးပါတယ်။ နောက် ငြိမ်းစံရွာက ကျွန်တော်တို့ အရာတော် သနပ်ခါးအသင်းဝင်ကိုလည်း နေပြည်တော် အဝင် ပျဉ်းမနားဂိတ်ကနေပြီးတော့ ဖမ်းဆီးပါ တယ်။ အဖမ်းခံရတဲ့သူတွေက ကျွန်တော့်ဆီ ကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ပြီးတော့ ကျွန်တော် ဖြေရှင်းပေးလိုက်ရပါတယ်။ မင်းလှ မြို့နယ်မှာ အဖမ်းခံရတဲ့ မမာမာဦးကိုမေးတဲ့ အခါမှာ ဖမ်းတဲ့သစ်တောက တာဝန်ခံနဲ့ ကျွန်တော်ကို ဖုန်းချိတ်ပေးပါတယ်။ ဘာဖြစ် လို့ ဖမ်းတာလဲလို့ မေးတဲ့အခါ မှာ သူတို့ဆီမှာ အမိန့်ကြော်ငြာစာ တရားဝင် မရောက်သေးလို့ဆိုပြီး ပြောပါတယ်။ ဒါတွေဟာ တကယ်တမ်း နိုင်ငံတော်ကနေပြီးတော့ တရားဝင် ထွက်တဲ့စာတွေဟာ သက်ဆိုင်ရာ မိမိရဲ့ အောက်ခြေဌာနများကို အမြန်ဆုံး ကျွန်တော်တို့ ပို့ပေးစေချင်ပါတယ်” ဟု သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

ထိုသို့ တရားဝင် ထုတ်ပြန်သော်လည်း အောက်ခြေဌာနများမှ တရားဝင် အမိန့်ကြော်ငြာစာ မရောက်ရှိသေး၍ ဖမ်းဆီးမှုများ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ တရားဝင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာကို သက်ဆိုင်ရာ ဌာနများနှင့် သနပ်ခါးအသင်း အဖွဲ့အစုများကို တရားဝင်ပေးပို့ အကြောင်းကြားစေလိုကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင်စသည့် မြို့နယ်ငါးမြို့နယ်တွင် အဓိက စိုက်ပျိုးကြကြောင်း၊ ယခုအခါတွင် ပြည်ပမှ သနပ်ခါး အလှကုန်များ ဝင်ရောက်လာသဖြင့် ပြည်တွင်း  သနပ်ခါး ဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရသည်။

 

Most Read

Most Recent