ဖားကန့်ဒေသအတွင်း ရေမဆေးကျောက် ရှာဖွေရန် ရွှေ့ပြောင်းအခြေချသူ များပြားသည့် လုံးခင်းကျေးရွာအုပ်စုတွင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်း မပြုရန် အမိန့်ထုတ်ထား

ဖားကန့်ဒေသအတွင်း ရေမဆေးကျောက် ရှာဖွေရန် ရွှေ့ပြောင်းအခြေချသူ များပြားသည့် လုံးခင်းကျေးရွာအုပ်စုတွင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်း မပြုရန် အမိန့်ထုတ်ထား
Published 2 November 2017

ဖားကန့်ဒေသအတွင်း ရေမဆေးကျောက်ရှာဖွေရန်  ရွှေ့ပြောင်းအခြေချသူ များပြားသည့် လုံးခင်းကျေးရွာ အုပ်စုတွင်တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သွားလာခြင်း မပြုရန် အမိန့်ထုတ်ထားကြောင်း လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရေမဆေးကျောက် ရှာဖွေသူများ အနေဖြင့် ရပ်ရွာအတွင်း ဝင်ထွက်သွားလာရာတွင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်၍ သွားလာခြင်း မပြုရန် ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ယခုအခါတွင် ကျေးရွာအဝင်အထွက် နေရာများ၌ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်တယ်ဆိုတာ အန္တရာယ်ရှိတယ်။ ဒါကြောင့် အခုက သိမ်းဆည်းတာတွေ လုပ်နေတာ။ ဒီကိစ္စက မြို့နယ်အုပ်ချုပ်ရေး ရုံးကနေ စာထုတ်လိုက်တာ။ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ခြင်း မပြုလုပ်ဖို့ပေါ့လေ။ အဲဒီလိုစာထုတ်တာနဲ့ တပ်ရယ်၊ ရဲရယ်၊ ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့ရယ် ပူးပေါင်းအဖွဲ့က ဒါကိုဆောင်ရွက်ကြတာ။ အဓိကကတော့ ဓားကိုဦးစားပေးပြီး ရှာဖွေသိမ်းဆည်းတာတွေ လုပ်တာပေါ့။ လူကိုတော့ ဘာမှမလုပ်ပါဘူး။ နောက်တစ်ခါ ဒါမျိုးတွေမယူလာဖို့ ကျွန်တော်တို့က ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်” ဟု လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့မှ ဦးကျော်သူရက ပြောကြားသည်။

အောက်တိုဘာ ၁၈ ရက်က ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးမှု ဖြစ်ပွားခဲ့သည့် တစ်သုံးလုံး ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများ၏ ပဋိပက္ခဖြစ်စဉ်များပြီးနောက် ဆောင်ရွက်သည့် အစီအမံတစ်ခုဖြစ်ကြောင်း သိရသည်။

“ဒီလိုဆောင်ရွက်တာဟာ အပြုသဘောဆောင်တဲ့ အနေအထားကို တော်တော်လေး ရောက်ပါတယ်။ ရေမဆေး သမားတွေလည်း ဓားတွေဘာတွေ ကိုင်ဆောင်တာကို ဆင်ခြင်လာကြတာ တွေ့ရတယ်။ ဒီစီမံချက်လေးကို ကောင်းကောင်း အကောင်အထည် ဖော်နိုင်ခဲ့ရင် နယ်မြေအတွက် တစ်စိတ်တစ်ဒေသ အေးချမ်းလာမယ်လို့ မျှော်လင့်ပါတယ်။ အသေအပျောက်တွေလည်း လျော့နည်းလာမယ်လို့ ထင်ပါတယ်” ဟု လုံးခင်းကျေးရွာအုပ်စုမှ ဦးတင်လှိုင်က ပြောကြားသည်။

တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင် သွားလာခြင်းမပြုရန် စီမံချက်ဖြင့် ဆောင်ရွက်နေသော်လည်း အချို့မှာ ဓားများလွယ်၍ ကျောက်မျက်လုပ်ကွက်များအတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာဖွေမှုများ ရှိနေဆဲဖြစ်ပြီး တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်သွားလာခြင်း မပြုရန် လုံးခင်းကျေးရွာအုပ်စုအပြင် ကျောက်တူးဖော်ရေး လုပ်ကွက်များရှိသည့် မှော်ဒေသများတွင် တားမြစ်ထားသည်။

 

Most Read

Most Recent