<

မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်ဒေသတို့တွင် နေရပ်စွန့်ခွာသူများက ကျေးရွာများသို့ ပြန်လည် ရောက်ရှိလာကြပြီဖြစ်သော်လည်း တောတောင်များသို့ သွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိသေး

ဘင်္ဂါလီအကြမ်းဖက်များ၏တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသော ရခိုင်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများအနေဖြင့် မိမိနေရပ်သို့ အားလုံးနီးပါး ရောက်ရှိလာကြပြီ ဖြစ်သော်လည်း ပုံမှန်လုပ်ကိုင် စားသောက်နေကြသည့် တောင်ယာလုပ်ငန်းနှင့် တောတောင်များသို့ သွားရောက်၍ သစ်ဝါးထုတ်လုပ်ခြင်းများ လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ရွာမှာက တောင်ယာလုပ်ငန်းတွေ လုပ်ကိုင် စားသောက်ကြတာဖြစ်တဲ့အတွက် အခုအချိန်မှာတောင်ယာကိုလည်း သွားလို့မရဘူး။ တောင်ယာမှာ သီးနှံတွေကလည်း မှည့်ပြီး ပုပ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက တောထဲမှာလည်း ရှိနေသေးတယ်။ တဲတွေ ဆောက်လုပ်ပြီးနေခဲ့ကြသူတွေကလည်း မနည်းဘူးလို့ သိရတယ်။ ကျွန်တော်တို့ တောကိုသွားလိုက်ရင် အသက်အန္တရာယ် ရှိတယ်။ အဲဒီအတွက်ကြောင့် မသွားကြဘူး။ ရေနောက်ငါးသားက ဒိုင်းနက်တွေဆိုရင် တစ်ရွာလုံးနီးပါး တောင်က ၀ါးတွေခုတ်ပြီး ၀ါးဖျာရက်လုပ်စားကြတဲ့ သူတွေဖြစ်ပေမယ့် သူတို့မှာလည်း တောကို သွားလို့မရဘူး ဖြစ်နေတယ်။ ရေရှည်အတွက် အခက်အခဲတွေရှိပါတယ်” ဟုလည်း မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာမှ ဦးမောင်သိန်းက ပြောကြားသည်။

ကျေးလက်ဒေသများတွင် နေထိုင်သူများအနေဖြင့် တောတောင်များကိုသာ အဓိက မှီခို လုပ်ကိုင်စားသောက်ကြရသူ များပြားပြီး လယ်လုပ်သူ လွန်စွာနည်းပါးကြောင်း သိရသည်။ ယင်းအတွက် တောတောင်သို့မသွားရောက်နိုင်ခြင်းသည် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်စေပြီး တောအတွင်း လုပ်ကိုင်ထားသော ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများလည်း ဆုံးရှုံးလျက်ရှိကာ စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်ကြောင်း ပြောဆိုကြသည်။

မောင်တောတောင်ပိုင်းရှိ အင်းဒင်ကျေးရွာမှ ဦးသိန်းထွန်းကလည်း  “ရွာကနေ ထွက်ပြေးသွားကြတဲ့ တိုင်းရင်းသားအများစုကတော့ နေအိမ်တွေကို ပြန်ရောက်ပြီဆိုပေမယ့် လုပ်ကိုင်ဖို့ အလုပ်အကိုင်က ဘာမှမရှိဘူး ဖြစ်နေတယ်။ တောတောင်တွေကိုလည်း သွားလို့မရဘူးပေါ့။ တောတွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ခိုအောင်းနေနိုင်သေးတယ်လို့သိရတယ်။ တိုင်းရင်းသား အများစုကလည်း  တောတောင်တွေကိုသာ မှီခို လုပ်ကိုင် စားသောက်နေကြရတာ ဖြစ်တယ်။ ဥယျာဉ်ခြံတွေ၊ ငှက်ပျောခင်းတွေ၊ တောင် ယာတွေလုပ်ကြပေမယ့် အားလုံးဆုံးရှုံးသွားတယ်။ အခုဘယ်သူမှ တောတောင်ကိုသွားလို့ မရဘူး။ အဲဒီအတွက် ရေရှည်မှာ စားရေး သောက်ရေး အခက်အခဲ ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသည်။

အလားတူစွာပင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ တောတောင်ကို အမှီပြု လုပ်ကိုင်စားသောက်နေကြသူများ အနေဖြင့်လည်း အဆင်မပြေသေးကြောင်း၊  ရေရှည်တွင် အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောဆိုကြသည်။

ထို့ပြင် မင်္ဂလာညွန့်ကျေးရွာမှ ဦးမောင်ဖြူကလည်း မောင်တောမြောက်ပိုင်းဒေသမှ တပ်မတော် ဆုတ်ခွာမည်ဆိုပါက ဒေသခံများအနေဖြင့် နေထိုင်ရဲမည်မဟုတ်ကြောင်း၊ တပ်မတော်သားများအားလုံး ပြန်လည် ဆုတ်ခွာသွားသည့်နေ့တွင် နေရပ်စွန့်ခွာ မည့်အနေအထားများ ပြန်လည်ဖြစ်ပေါ်လာ နိုင်ကြောင်းနှင့် ဘင်္ဂါလီများ ပြန်ဝင်လာနိုင် ခြေရှိပြီး တိုင်းရင်းသားများကို တိုက်ခိုက်မည်မှာ သေချာကြောင်း၊ ဘင်္ဂါလီအားလုံးသည်  အကြမ်းဖက်သမားများနှင့် ဆက်နွှယ်မှုရှိသည်ကို မကြာသေးမီက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

November 1, 2017














Copy Protected by Chetan's WP-Copyprotect.