ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီးရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းဟောင်းကို သက်ဆိုင်ရာက အပြီးရှင်းလင်း

ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီးရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းဟောင်းကို သက်ဆိုင်ရာက အပြီးရှင်းလင်း
Published 2 November 2017

အဝေးပြေး ယာဉ်ရပ်နားစခန်းဟောင်းကို သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းနေစဉ်

ကရင်ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမြေအဖြစ် သတ်မှတ်ထားသည့် ဘားအံမြို့၊ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် တည်ရှိသော အဝေးပြေးယာဉ်ရပ်နား စခန်းဟောင်းအား နိုဝင်ဘာ ၁ ရက် နံနက် ၆ နာရီက ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်သာယာ၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဘူဒိုဇာဖြင့် အပြီးရှင်းလင်းခဲ့ကြောင်း သိရသည်။

“အောက်တိုဘာ ၃၁ ရက်ည ၁၂ နာရီအထိ စောင့်ဆိုင်းပေးခဲ့ပြီး နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက စတင်ရှင်းလင်း ဖယ်ရှားခဲ့တာပါ။ ဖျက်သိမ်းစဉ်အတွင်း လာရောက် နှောင့်ယှက်သူတော့ မရှိပါဘူး။ ဖျက်သိမ်းရေး ကော်မတီက လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ဒီနေရာမှာ နေထိုင်သူတွေကို ခေါ်ယူတွေ့ဆုံညှိနှိုင်းမှု ရယူခဲ့တာ ဖြစ်ပါတယ်” ဟု ဖျက်သိမ်းရေး ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ဘားအံမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနံဘေး တွင် တည်ရှိသော အဝေးပြေး ယာဉ်ရပ်နားစခန်းဟောင်းသည် ယခင်အစိုးရလက်ထက်က သုသာန်ဟောင်း တစ်ခုဖြစ်ပြီး ထိုမှတစ်ဆင့် ယာဉ်ရပ်နားရာစခန်းအဖြစ် ပြောင်းလဲအသုံးပြုသည့် နေရာဟောင်းဖြစ်ကာ အဆိုပါ နေရာ၌ မထသ၊ ပို့ဆက်ဦးစီးဌာနတို့ကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကားဝင်းဟောင်း နယ်နမိတ်အတွင်း မိသားစုပေါင်း ၆၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ယခုဖြိုဖျက် ရှင်းလင်းခဲ့သည့် ကားဝင်းဟောင်းသည် ယခင်အစိုးရလက်ထက်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ရောင်းချသဖြင့် ဝယ်ယူသူများမှ ဝယ်ယူကာ ရောင်းဝယ်ဖောက်ကား နေထိုင်ခြင်းဖြစ်သည်။

“အစိုးရရဲ့ စီမံခန့်ခွဲခွင့်မြေဖြစ်တာ မှန်တယ်ဆိုပေမယ့် အဆောက်အအုံကတော့ ကျွန်တော်တို့ ပိုင်ဆိုင်ပါတယ်။ အခုပြောင်းရွှေ့ရမယ့် အနေအထားမှာ သူတို့ပေးတဲ့နစ် နာကြေးနဲ့ ဒီလိုအနေအထားကို ပြန်လည် ပေးသင့်ပါတယ်။ နောက်တစ်ချက်က ဒီလိုနေရာမျိုးမှာ မီနီမားကက်ဆောက်မယ့် လုပ်ငန်းရှင်ဆိုတာ ကျွန်တော်တို့ ဒေသခံပဲ ဖြစ်စေချင်ပါတယ်။ ခုလို အနစ်နာခံဖယ်ရှားပေးရတဲ့ နေရာမှာ တခြားပြည်နယ်က လုပ်ငန်းရှင်အတွက် ဖြစ်နေတာ ကျွန်တော်တို့ ဝမ်းနည်းစွာတွေ့နေရတာ ရင်နာမဆုံးဘူး” ဟု ဖယ်ရှားခံရသူ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ကားဝင်းဟောင်း နေရာအား ဖယ်ရှားရှင်းလင်းပြီးပါက ယခင်အစိုးရလက်ထက် ကုမ္ပဏီအဆင့်ဆင့်သို့ လွှဲပြောင်းရောင်းချခဲ့သည့် ဘားအံမြို့မ ဘောလုံးကွင်းနေရာကို လက်ဝယ်ပိုင်ဆိုင်ထားသူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငွေမိုးကုမ္ပဏီအား မြေတစ်ဝက်ကို အစားထိုးပြန်လည် ပေးအပ်ဖွယ်ရှိကြောင်း ဘားအံမြို့ခံ တစ်ဦးက သုံးသပ်ပြောကြားသည်။

ဘားအံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း (ကားဝင်းဟောင်း) နှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးရုံးမှ ကားဝင်းဟောင်းအား ဖယ်ရှားရှင်းလင်းစဉ် နှောင့်ယှက်ခြင်း မပြုလုပ်ရန် မြို့ပြနှင့် ကျေးလက်ဆိုင်ရာ ဥပဒေ ၂၁/၂ အရ ထုတ်ပြန်ချက် ပြုလုပ်ထားပြီး နို့တစ်စာ၌လည်း သက်တမ်း (၄၁) ရက်၏ နောက်ဆုံးရက်အဖြစ် အောက်တိုဘာ ၃၁ ရက်ထိ မိမိနေထိုင်သော အဆောက်အအုံနှင့် နေရာထိုင်ခင်းများအား အပြီးတိုင် ဖျက်သိမ်းပေးပါရန်နှင့် ကားဝင်းအတွင်း ဆက်လက်နေထိုင်ခြင်း မပြုရန် နေထိုင်သူများအား ကြိုတင်အကြောင်းကြား ထားကြောင်း သိရသည်။

 

Most Read

Most Recent