နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်သည့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးစခန်းများ အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းခုနစ်ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၁၀ ကျော် လျော့ကျ

နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံးဆောင်ရွက်သည့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေးစခန်းများ အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းခုနစ်ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၁၀ ကျော် လျော့ကျ
Published 2 November 2017

တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်မှု အများဆုံးဆောင်ရွက်နေသည့် မူဆယ်နှင့် မြဝတီနယ်စပ်စခန်း အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းခုနစ်ခု၏ ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၃၁၀ ကျော် လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ၏နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းအားလုံး၏ စုစုပေါင်းကုန် သွယ်မှုပမာဏမှာ ဒေါ်လာ ၃၉၈၈ ဒသမ ၈၉၆ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၂၃၉ သန်းကျော်လျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အများဆုံးဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းအပါအဝင် ချင်းရွှေဟော်၊ ကျိုင်းတုံ စခန်းများမှလည်း ကုန်သွယ်မှုလျော့နည်းနေကာ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု အများဆုံးဆောင်ရွက်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းအပါအဝင် တာချီလိတ်၊ နဘုလယ် / ထီးခီးစခန်းများမှလည်း ကုန်သွယ်မှုပမာဏလျော့ကျနေကြောင်း သိရသည်။ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် တမူးကုန်သွယ်ရေးစခန်းမှလည်း ကုန်သွယ်မှု ပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ ရက်အထိ မူဆယ်မှကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၃ သန်းကျော်၊ ချင်းရွှေဟော်နယ်စပ်စခန်းမှ ဒေါ်လာ ၄၇ သန်းကျော် လျော့နည်းခဲ့သည်။ ထို့အတူ ကျိုင်းတုံနယ်စပ်စခန်းမှ ဒေါ်လာနှစ်သန်းကျော်၊ မြဝတီမှ ဒေါ်လာ ၂၂ သန်းကျော်၊ နဘုလယ်/ ထီးခီးစခန်းမှ ဒေါ်လာခြောက်သန်းကျော်၊ တာချီလိတ်စခန်းမှ ဒေါ်လာငါးသန်းကျော်နှင့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၁ သန်းကျော်မှာ ယခင်ဘဏ္ဍာနှစ်ကာလ တူကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက အသီးသီးလျော့ကျခဲ့ကြောင်း သိရသည်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ လျော့ကျခဲ့သည့် ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာသန်း ၃၁၀ ကျော်ရှိကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့  နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုပြုရန် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent