မြန်မာနိုင်ငံတွင် ဝင်ငွေအများဆုံး ရရှိခဲ့သည့် ဆင်စခန်းဖြစ်သော ရွှေတောင်မြို့နယ် နတ်မှော်ဆင်စခန်း ပြန်လည်ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ဝင်ငွေအများဆုံး ရရှိခဲ့သည့် ဆင်စခန်းဖြစ်သော ရွှေတောင်မြို့နယ် နတ်မှော်ဆင်စခန်း ပြန်လည်ဖွင့်လှစ်
Published 2 November 2017

နတ်မှော်ဆင်စခန်းကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဝင်ငွေအများဆုံး ရရှိခဲ့သည့် ဆင်စခန်းဖြစ်သော ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နတ်မှော်ဆင်စခန်းကို ခရီးသွားရာသီချိန်အတွင်း လာရောက်လည်ပတ်နိုင်ရန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းကို နိုဝင်ဘာ ၁ ရက် က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ်က ပထမဆုံးအကြိမ်အဖြစ် ပွင့်လင်းရာသီချိန် ဒီဇင်ဘာလမှ စတင်ကာ မတ်လအထိ ဖွင့်လှစ်ခဲ့ပြီး စိတ်ဝင်စားမှုနှင့် လာရောက်လည်ပတ်သူ များပြားခဲ့သည့်အတွက် ယခုနှစ်တွင်လည်း ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုကတော့ ခြောက်သွေ့ရာသီလည်း ရောက်လာပြီ ခရီးသွားရာသီလည်း ရောက်လာပြီဆိုတော့ အနားပေးတဲ့ ဆင်တွေကို ပြန်ခေါ်ပြီး ဖွင့်တဲ့သဘောပါ နှုန်းထားတွေကိုလည်း မပြောင်းလဲပါဘူး။ နောက်တစ်ခုက ပြီးခဲ့တဲ့ ပွင့်လင်းရာသီမှာက ဒီစခန်းက လမ်းပေါ်ကြပြီး မြင်သာတဲ့ နေရာလည်းဖြစ် ရေကြောင်းနဲ့လည်း ကပ်နေတော့ မြန်မာတစ်ပြည်လုံးမှာ ဝင်ငွေအများဆုံး ဆင်စခန်းလို့ ပြောလို့ရတယ်။ ဒါတောင်မှ ဝင်ကြေးနဲ့ဆင် စီးခနှုန်းကို အခြားဆင်စခန်းတွေထက် လျော့ ထားပါတယ်။ ဒီနှစ်လည်း အရင်လိုအောင်မြင် မှုရအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

ယင်းဆင်စခန်းမှာ ပြီးခဲ့သည့်ခရီးသွား ရာသီအတွင် မြန်မာငွေသိန်းပေါင်း ၂၆၂ သိန်း ဝင်ငွေရရှိခဲ့ပြီး မိုးရာသီတွင် ခရီးသွား နည်းပါးမှုနှင့် ဆင်များအနားပေးရန်အတွက် ပဲခူးရိုးမအတွင်း သဘာဝအတိုင်း လွှတ်ထားပေးကာ ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဆင်စခန်းတွင်လည်း ဆင်စီးခြင်းနှင့် ဆင်များ၏ သဘာဝ၊ ဘဝများ ခံစားနိုင်စေရန်သာ စီမံထားပြီး သဘာဝနှင့် ကိုက်ညီမှု မရှိသော အလုပ်မျိုးကို ခိုင်းစေမည် မဟုတ်ကြောင်း သိရသည်။

“အစီအစဉ်တွေကတော့ မနှစ်ကအစီ အစဉ်တွေ အတိုင်းပါပဲ။ ဆင်သုံးကောင်စွယ်စုံ နှစ်ကောင်နဲ့ ဆင်မတစ်ကောင် ထားပါတယ်။ နောက်ထပ်သားအမိ တစ်စုံထပ်ရောက်လာ ပါလိမ့်မယ်။ ဒါက ပထမ အစီစဉ်ပေါ့။ နောက်ထပ် ဒီဇင်ဘာထဲမှာ စခန်းတစ်ခု ထပ်ဖွင့်မှာပါ။ မှော်ဇာနဲ့ ဘရန်းတစ်စိုက်ခင်း ဂျာမန်ပညာ ရှင်ဒေါက်တာ ဘရန်းတစ်စိုက်ထားတဲ့ စိုက်ခင်းပါ။ တောတောင်အလှကို လှည့်ပတ်ပြီး ကြည့်လို့ရအောင် ဆင်နဲ့ပတ်ရင်တော့ လေးဆယ့်ငါးမိနစ် နာရီဝက်လောက်တော့ ကြာပါမယ်” ဟု ပြည်မြို့သစ်လုပ်ငန်း လက်ထောက်အထွေထွေ မန်နေဂျာ ဦးတင်မင်းဦးက ပြောကြားသည်။

ဆင်စခန်းအား ဝင်ကြေးအနေဖြင့် ပြည်တွင်း ကျပ် ၅၀၀၊ ပြည်ပကျပ်၂၀၀၀၊ ဆင်စီးခ ပြည်တွင်း ကျပ် ၂၀၀၀၊ ပြည်ပကျပ် ၂၀၀၀၀ သတ်မှတ်ထားပြီး တနင်္လာနေ့ တစ်ရက်သာ ပိတ်ရက်အဖြစ် သတ်မှတ်ကာ စခန်းတွင် စွယ်စုံနှစ်ကောင်၊ ဆင်မတစ်ကောင်နှင့် ဆင်သားအမိကို ထပ်မံခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent