ကယ်ဆယ်ရေးစခန်းများဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ချက်များနှင့်အတူ မြေပုံမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၈၀ နီးပါးရှိလာပြီး ယာယီနေအိမ်ဆောက်လုပ်ခြင်းကိုဖြိုဖျက်ရန် ညွှွန်ကြားဟုဆို

ကယ်ဆယ်ရေးစခန်းများဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ချက်များနှင့်အတူ မြေပုံမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၈၀ နီးပါးရှိလာပြီး ယာယီနေအိမ်ဆောက်လုပ်ခြင်းကိုဖြိုဖျက်ရန် ညွှွန်ကြားဟုဆို
Published 1 November 2017

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ ခိုလုံနေထိုင်သော ကယ်ဆယ်ရေးစခန်းများ ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ချက်များနှင့်အတူ မြေပုံမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၈၀ နီးပါးရှိလာကြောင်းနှင့် ယာယီနေ အိမ်ဆောက်လုပ်ခြင်းကိုဖြိုဖျက်ရန် ညွှွန်ကြားထားကြောင်း သိရသည်။

အဆိုပါ မြေပုံမြို့နယ်သို့ရောက်ရှိလာသူများသည် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာနှင့် ပြားသားကျေးရွာတွင် နေထိုင်ခဲ့သူများဖြစ်ပြီး အစောပိုင်းတွင် ကျောက်တော်မြို့သို့ နေရပ်စွန့်ခွာ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင် ယင်းမှတစ်ဆင့် မြေပုံမြို့နယ်သို့ ပြောင်းရွှေ့၍ နီးစပ်ရာဆွေမျိုးသားချင်းများထံတွင် နေထိုင်ခဲ့ကြရာမှ နေရပ်ပြန်ရန် ဆန္ဒမရှိသဖြင့် မိကျောင်းတက်ကျေးရွာအနီး ကားလမ်းနံဘေး ပေ ၂၀ ခန့်အကွာတွင် ယာယီနေအိမ်များ ဆောက်လုပ်နေထိုင်ရန် ပြင် ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အဲဒီရွာအနီးမှာ လုံး၀ မနေချင်တော့ဘူး။ သူတို့နဲ့ ဘယ်လိုနည်းနဲ့မှ အတူနေလို့မရတော့ဘူး။ ဒါကြောင့် မြေပုံမြို့နယ်မှာပဲ နေတော့မယ်။ အခု ကျွန်တော်တို့ အိမ်တွေဆောက်နေတယ်။ ယာယီအိမ်ပေါ့။ အစိုးရက ချထားပေးတာတော့ မဟုတ်သေးဘူး။ လူဦးရေ ၇၉ ဦး၊ မိသားစု ၁၇ စုရှိပါတယ်။ အစိုးရကတော့ အေးချမ်းနေပြီလို့ ပြောပေမယ့် အဲဒီကုလားတွေကို ကျွန်တော်တို့မယုံတော့ဘူး။ သူတို့က အခွင့်အရေးရတာနဲ့ တိုင်းရင်းသားတွေကို တိုက်ခိုက်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒါကြောင့် မပြန်တော့ဘူး။ ဒီမှာအခြေချတော့မယ်။ အခုကားလမ်းဘေးမှာ အိမ်ရှစ်အိမ် ဆောက်လုပ်နေတယ်။ ဒါပေမဲ့ လမ်းတံတားဌာနက ထင်တယ်။ သူတို့က အိမ်ဆောက်ခွင့်ကိုမပြုဘူး။ ၂ ရက်နေ့မှာ အပြီးပြန် ဖျက်ရမယ်လို့ပြောတယ်။ ကျွန်တော်တို့ ဘာလုပ်ရလဲ။ ဒီမှာ တစ်နှစ်လောက်တော့ နေချင်တယ်။ အဲဒီလို ယာယီနေခွင့်ပြုပေးစေချင်တယ်” ဟု ဦးဘမောင်က ပြောကြားသည်။

ယခုအခါတွင် မိကျောင်းတက်ကျေးရွာအနီး အဝေးပြေးကားလမ်းနှင့် မနီးမဝေးတွင် ဒေသခံများအကူအညီဖြင့် ယာယီအိမ်များ ဆောက်လုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများအား ဖျက်သိမ်းပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ကယ်ဆယ်ရေးစခန်းသို့ လာရောက်ပြောဆိုမှုများ ရှိခဲ့ကြောင်းနှင့် ညွှန်ကြားချက်စာများလည်း ထုတ်ပြန်ထားသည်များ ရှိခဲ့ကြောင်း၊ ယင်းအတွက် နေအိမ်မရှိသော တိုင်းရင်းသားများအတွက် နေထိုင်ရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများက ပြောကြားသည်။

“ကျွန်မတို့က အမြဲတမ်းပြေးနေရမယ့် အဖြစ်မျိုးကိုမလိုချင်တော့ဘူး။ ကုလားတွေရှိတဲ့ နေရာအနီးမှာ မနေရဲတော့ဘူး။ သူတို့ရှိနေရင် ကျွန်မတို့ အဲဒီမှာ မနေရဲတော့ဘူး။ ဒါကြောင့် ကျွန်မတို့ကို ဒီမှာပဲ နေရာတစ်ခု ချထားပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ အိမ်ဆောက်ပြီး နေလို့ရမှာဖြစ်တယ်။ အခု ဆောက်နေတဲ့အိမ်တွေကိုလည်း ပြန်ဖျက်ရမယ်လို့ လမ်းအဖွဲ့က လာပြောတယ်ဆိုတော့ ကျွန်မတို့ ဘယ်လိုနေရမလဲ မသိတော့ဘူး။ ဒီမှာ စားသောက်ရေးအတွက်လည်း မြို့ပေါ် က အကူအညီပေးလို့ စားနေရတာပါ”ဟု မြေပုံ မြို့နယ် မိကျောင်းတက်ကျေးရွာသို့ရောက်ရှိပြီး ယာယီနေအိမ်ဆောက်လုပ်နေသူ ဒေါ်မမြတင်က ပြောကြားသည်။

Most Recent