ထွက်ပြေးသွားသူများကို ပြန်လက်ခံမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြန့်ကြာနေမှုအပေါ် စိုးရိမ်ကြောင်းနှင့် ထွက်ပြေးသွားသူများအား မြန်မာနိုင်ငံမှ ပြန်လည်လက်မခံ လိုသည့်အတွက် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာမှ ထင်မြင်မည်ကို စိုးရိမ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ထွက်ပြေးသွားသူများကို ပြန်လက်ခံမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြန့်ကြာနေမှုအပေါ် စိုးရိမ်ကြောင်းနှင့် ထွက်ပြေးသွားသူများအား မြန်မာနိုင်ငံမှ ပြန်လည်လက်မခံ လိုသည့်အတွက် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာမှ ထင်မြင်မည်ကို စိုးရိမ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 1 November 2017

အောက်တိုဘာ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာရှိ သိန်ခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာဖြန့်ဝေမှုကို လက်ခံရယူရန် စောင့်ဆိုင်းနေကြသည့် ဘင်္ဂါလီဒုက္ခသည်များအား တွေ့ရစဉ် (Photo : AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများကို ပြန်လက်ခံမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြန့်ကြာနေမှုအပေါ် စိုးရိမ်ကြောင်းနှင့် ထွက်ပြေးသွားသူများအား မြန်မာနိုင်ငံမှ ပြန်လည် လက်မခံလိုသည့်အတွက် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာမှ ထင်မြင်မည်ကို စိုးရိမ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးအပြီးတွင် ဦးဇော်ဌေးက မီဒီယာများအား ပြောကြားသည်။

ဦးဇော်ဌေးက “ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတယ်။ အဓိကပြောချင်တဲ့ မက်ဆေ့က ဘာလဲဆိုတော့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကမ္ဘာကို ပြောထားတယ်။ အချိန်မရွေးပေါ့။ လက်ခံဖို့ အဆင်သင့်ရှိတယ် ဆိုတာကို ပြောထားတယ်။ အဲဒီအပေါ်မှာမှ ဆက်ပြီးညှိကြတာ။ ညှိတော့ ကျွန်တော်တို့က စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာ ပြန်လည်လက်ခံရေး အစီအစဉ် မြန်မာနိုင်ငံက အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ အစီအစဉ်တွေ နှောင့်နှေးနေမှာ စိုးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အချိန်မရွေး စိစစ်ပြီး လက်ခံမယ် ပြောထားတယ်။ ပြောထားပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရ်ှကိုသွားတယ်။ အဲဒီမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်က ဘာလဲဆိုတော့ ၁၉၉၃ သဘောတူညီချက်ကို အခြေခံပြီး လုပ်မယ်လို့ ပြောထားပြီးသားဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီးလာတော့ ဝန်ကြီးအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် မရသေးဘူး။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ပြီ။ စိစစ်လက်ခံဖို့လည်း အသင့်ဖြစ်ပြီ။ အဲဒီအပေါ်မှာ ဟိုဘက်က သဘောတူညီချက် မရသေးဘဲ ဒီအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာ ဖြစ်တယ်။ ၉၃ သဘောတူညီချက် အပြင် ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ဒီလူတွေ ပြန်လက်ခံဖို့နဲ့ ပတ်သက်ပြီး နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်ဆုံးလုပ်ခဲ့တာ ၉၃ ပေါ့။ ဒီသဘောတူညီချက်တွေက နှစ်နိုင်ငံကြားမှာ လက်ခံထားတာတွေဖြစ်တယ်။ အဲဒါကို အခြေခံပြီး ဆောင်ရွက်ရင် အားလုံးအဆင်ပြေမယ် ဆိုတာနဲ့ ချဉ်းကပ်တယ်။ ချဉ်းကပ်တော့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက် မရဘူး။ မရတဲ့အခါ သဘောတူညီချက်ရမှ နောက်ဆက်တွဲတွေ လုပ်လို့ရမှာ။ ဒီအပေါ်မှာ ကြန့်ကြာနေတဲ့ အကြောင်းရင်းက ဟိုဘက်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဆိုတာ ဆောက်ဖို့ ပြောထားပြီးသား ကြေညာထားတယ်။ နောက်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာလည်း ဒီဒုက္ခသည်တွေအတွက် ကွန်ဖရင့်ဆိုတာလုပ်တယ်။ ဒေါ်လာသန်းရာနဲ့ချီပြီး လှူဒါန်းကြတယ်။ ဒုက္ခသည်စခန်းကြီး တည်ထားတယ်။ ဒေါ်လာသန်း ၃၀၀ ကျော် ၄၀၀ လောက် သူတို့ရထားတယ်။ ရထားတဲ့အပေါ်မှာ ဒီလူတွေကို ကျွန်တော်တို့ဘက် ပြန်လွှတ်မှာ နှေးသွားမှာ ကြောက်တယ်။ ဒုက္ခသည်စခန်းမှာထားတယ် ပြောရရင် အဲဒီမှာ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေလည်း ရတယ်။ ရတဲ့ဟာတွေက သူတို့ဒီလူတွေကို ကျွေးဖို့အချိန်ကာလပေါ့။ သူတို့ဘယ်လောက်အထိ မှန်းထားလဲပေါ့။ ကျွန်တော်တို့နဲ့ ပြန်လည်ပြီးတော့ စိစစ်ပြီးတော့ လွှဲပြောင်းပေးဖို့ သူတို့မှာ အခြားစဉ်းစားချက်တွေများ ရှိမလားပေါ့။ ကျွန်တော်တို့က စိုးရိမ်တယ်။ သို့သော် ဒါပေမဲ့ ကျွန်တော်တို့က ဆက်ပြီးတော့ ညှိသွားမယ်။ ညှိပြီးတော့ အမြန်ဆုံးလက်ခံဖို့ လုပ်သွားမယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်လက်၍ “နောက်တစ်ချက်က ဘင်္ဂလားဒေ့ရှ် ပြန်လက်ခံတဲ့ဟာကို နှစ်နေရာ သတ်မှတ်ထားတယ်။ အဲဒီနှစ်နေရာနဲ့ ကျွန်တော်တို့ ပြန်လက်ခံမယ် စိစစ်မယ်။ စစ်လို့ ကျွန်တော်တို့ဘက်မှာ နေထိုင်ကြောင်း မှန်ကန်တဲ့ အထောက်အထားတွေရှိရင် ဒီလူတွေကို သူတို့မူလနေရာနဲ့ အနီးဆုံးနေရာ အတတ်နိုင်ဆုံး မူလနေရာတွေ ပြန်လည်ပို့ဆောင်ပြီး ရွာတွေတည်ဖို့ လုပ်နေတယ်။ အခုလောလောဆယ် ခုံတိုင်မှာ စနေတယ်။ ယာယီထားမယ့် ငါးခူရ ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်လို Camp ကြီး အကြီးကြီးထားပြီး လုပ်မှာမဟုတ်ဘူး။ သူတို့ရဲ့ ရွာတွေကို အမြန်ဆုံး ပြန်ပို့ဆောင်ဖို့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးမယ်။ သဘောတူညီချက်တွေ ညှိနှိုင်းတာ ကြန့်ကြာမှုအပေါ်မူတည်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ကို ကျွန်တော်တို့ကပဲ သဘောတူညီချက် မရအောင် ပြန်လက်မခံချင်လို့ ကျွန်တော်တို့ဘက်က ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဒီလိုအဆင်မပြေ ဖြစ်နေတယ်လို့ ယူဆမှာ စိုးရိမ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

“ဒီလိုကြန့်ကြာသွားရင် ဘာအကျိုးဆက် ဖြစ်မလဲဆို မြန်မာနိုင်ငံကပဲ ဒီလူတွေကို ပြန်လက်မခံချင်လို့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆမှာကြောက်လို့။ ဟိုဘက်မှာလည်း ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည်စခန်း ဆောက်ဖို့လုပ်တယ်။ တစ်ရက်ကို လူဦးရေ ၁၅၀ ဆိုတာ အရင်တုန်းကလုပ်ခဲ့တဲ့ စိစစ်တဲ့နှုန်းထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲချုပ်ကနေ ဘင်္ဂလားရဲချုပ်ကို ပြောလိုက်တာ ရှိတယ်။ ဘာပြောလိုက်လဲဆိုတော့ အဲဒီမှာ ရောက်နေတဲ့ လူစာရင်း လိုချင်တယ်။ ကျွန်တော်တို့ တောင်းထားပါတယ်။ တောင်းထားပေမယ့် ရဲချုပ်က ကျွန်တော်တို့ဆီ ပြန်တင်ပြတာ ရတယ်လို့တော့ မသိရသေးဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်က အီးမေးလ်နဲ့ ပြန်မယ်လို့ ပြောပါတယ်။ ဒါကအရေးကြီးတယ်။ ဘာလို့အရေးကြီးလဲဆိုရင် ကျွန်တော်တို့ဆီမှာ ငယ်စာရင်းတွေ ရှိပါတယ်။ ဟိုဘက်မှာ ရောက်နေတဲ့လူက အခု တစ်သန်းနီးပါးတောင် ရှိနေပြီတဲ့ မီဒီယာတွေမှာ ရေးတာ။ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ သူတို့ဆီက လူစာရင်းကို ကျွန်တော်တို့ တောင်းထားတယ်။ အဲဒီမှာ လူစာရင်း မြန်မာနိုင်ငံက သွားတယ်ဆိုတဲ့လူစာရင်း ကျွန်တော်တို့ကိုပေးပါလို့ တောင်းထားတယ်။ အခုထိတော့ မရသေးဘူးပေါ့နော်။ အဲဒီလူစာရင်း ရပြီဆိုရင် စိစစ်ရတဲ့လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ်မဟုတ် ကျွန်တော်တို့ လဝက အထောက်အထားတွေ ဆွဲတင်စစ် အထောက်အထားတွေရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင်လိုက်ရင် ပိုမြန်မယ်။ ပိုမြန်အောင်လို့ တောင်းထားတာ။ နံပါတ် (၁) အချက် ကျွန်တော်တို့က ကြန့်ကြာမှာစိုးတယ်။ နံပါတ် (၂) အချက် လူစာရင်း တောင်းထားတယ်။ အဲဒါက အဓိကအချက်ပေါ့” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့်သူများအား ပြန်လည်စိစစ်လက်ခံမည် ဆိုသည်မှာ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးသွားသည်ကို လက်ခံခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားအဖြစ် လက်ခံခြင်း မဟုတ်ကြောင်း၊ ပြန်လည်လက်ခံရေး ကိစ္စမှာ ၁၉၉၃ ခုနှစ်အတိုင်းဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ ညှိနှိုင်းပြီး အမြန်ဆုံး လက်မှတ်ထိုးမည် ဖြစ်ကြောင်း၊ ပြန်လည်လက်ခံမည် ဆိုပါက လက်ခံမည့်နေရာများ အသင့်ဖြစ်အောင် ယင်းနေရာများတွင် ပြင်ဆင်သည့်ကိစ္စများ ကို ကြိုတင်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် စာရင်းဇယားများကိုလည်း ကြိုတင်ပြင်ဆင်နေကြောင်း၊ လက်မှတ်ရေးထိုးပြီးပြီ ဆိုပါက နှစ်နိုင်ငံ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကော်မတီက ညှိနှိုင်းပြီးမှ အဆင့်ဆင့် လက်ခံရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လက်ခံသည့် အခါတွင် မြန်မာနိုင်ငံဘက်မှနေ၍ ဖြည့်သွင်းရမယ့် ပုံစံဖောင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာလိုသည့်သူများက ယင်းဖောင်များကိုဖြည့်စွက်ပြီးမှ မြန်မာနိုင်ငံကို ပြန်ပို့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ၎င်းတို့တင်ပြသည့် အချက်အလက်များ၊ အထောက်အထားများဖြင့် စိစစ်ကာ မှန်ကန်သည် ဆိုပါက ၎င်းတို့အား မြန်မာနိုင်ငံက ထွက်ခွာသွားသည့်လူများ ဖြစ်သည့်အတွက် ပြန်လည်လက်ခံမည် ဆိုကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ စာရင်းပြန်ပို့မည ်ဖြစ်ကြောင်း၊ ထို့နောက် ပြန်လည်ပို့ဆောင်မည့်နေ့ကို ပြန်လည်ညှိနှိုင်းပြီး သတ်မှတ်သည့် ရက်တွင် သတ်မှတ်ထားသည့် လက်ခံရေး စခန်းနေရာများ၌ ၎င်းတို့အား ပြန်လည်လက် ခံသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အောက်တိုဘာ ၂၇ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများအား ရခိုင်ပြည်နယ်ရှိ တောင်ပြို လက်ဝဲနှင့် ငါးခူရစ ခန်းများတွင် ပြန်လည် လက်ခံမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent