နေပြည်တော်၌ ကြက်စာတင်ကားက နောက်မှဝင်တိုက်၍ ကျောင်းသားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

နေပြည်တော်၌ ကြက်စာတင်ကားက နောက်မှဝင်တိုက်၍ ကျောင်းသားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ
Published 1 November 2017

နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကြက်စာတင်ကားက နောက်မှဝင်တိုက်သဖြင့် အဋ္ဌမတန်း ကျောင်းသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနှင့် ခေတ်အေးကျေးရွာကြား မိုင်တိုင်အမှတ် ၂၆၃/၅ နှင့် ၂၆၃/၆ အကြားတွင် ခေတ်အေး အထက ကျောင်းသို့ ကျောင်းတက်ရန် လမ်းလျှောက်သွားနေသည့် ကျောင်းသားငါးဦးကို ကြက်စာများ တင်ဆောင်လာသည့် ခြောက်ဘီးကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ နောက်မှ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် မရင်းကြီးရွာနေ (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ ဝမ်းဗိုက်ပွင့် ဒဏ်ရာ၊ (၁၃) နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ နောက်စေ့ပေါက်ပြဲ ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ အခြားကျောင်းသား သုံးဦးတွင် တစ်ဦးမှာ စိုးရိမ်ရသော နောက်စေ့ဒဏ်ရာ၊ တစ်ဦးမှာ ပါးပြင်ပွန်းပဲ့ဒဏ်ရာနှင့် အခြားတစ်ဦးတွင် ဝဲပါး ပွန်း နဖူးပေါက်ပြဲ ဒဏ်ရာများရရှိပြီး နေပြည်တော် ခုတင်  ၁၀၀၀ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းဇော်နိုင်ဝင်းအား  ရွှေတွင်းကုန်း မြို့မရဲစခန်းတွင် ယာဉ် (ပ) ၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Most Read

Most Recent