ရသေ့တောင်မြို့နယ်မှ တောင်သူများအတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းက ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး အကူအညီပေး ငှားရမ်းခဲ့

ရသေ့တောင်မြို့နယ်မှ တောင်သူများအတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းက ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး အကူအညီပေး ငှားရမ်းခဲ့
Published 1 November 2017

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ငှားရမ်းပေးသော ရိတ်သိမ်းခြွေလှေ့စက်များအား တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ တောင်သူများအတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ ရိတ်သိမ်းခြွေလှေည့် စက် ၁၀ စီး အကူအညီပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တောင်သူများအနေဖြင့် စပါးရိတ်သိမ်းရန် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ယင်းအခက်အခဲများကို ဖြေရှင်းနိုင်စေရန်အတွက် အကူအညီ ပေးခြင်းဖြစ်ကာ တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ငှားရမ်းပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိမှာ လယ်သမားတွေအတွက် အခက်အခဲကတော့ လုပ်သား ရှားပါးမှုပေါ့။ စပါးခင်းတွေကလည်း မှည့်လာပြီဆိုပေမယ့် ရိတ်သိမ်းပေးမယ့်လူ မရှိဘူး၊ လူအငှားရှာလို့ မရဘူးဖြစ်နေတယ်။ အဲဒါကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းကနေ စက် ၁၀ လုံး ချထားပေးတယ်။ တစ်ဧကကို ၄၀၀၀၀ ကျပ် ပေးရမယ်။ တစ်ခါတည်း ရိတ်သိမ်း ခြွေလှေ့ပေးတယ်။ အဲဒီငွေတွေကိုလည်း ရခိုင်ပြည်နယ် အစိုးရကို ထပ်မံလှူဒါန်းသွားမယ်လို့ သိရတယ်။ ကျွန်တော်တာဝန်ခံပြီး ငှားရမ်းထားတာဖြစ်ပါတယ်။ ရိတ်သိမ်းပြီးရင်တော့ အသင်းကို ပြန်ပေးသွားမှာပါ” ဟု ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောကြားသည်။

အဆိုပါစက်ကြီးများဖြင့် ယခုရက်ပိုင်းအတွင်းမှ စတင်ကာ ရိတ်သိမ်းပေးသွားမည် ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများ စပါးရိတ်သိမ်းနိုင်ရေးအတွက် အဓိက လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့စက်ရရှိအောင် အတွက်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဦးကျော်လွင်အနေဖြင့်လည်း ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများ၏ အဓိကအခက်အခဲမှာ ရိတ်သိမ်းရန်လုပ်သား ရှားပါးခြင်းဖြစ်ကြောင်း နှင့်ယင်းသို့ အလုပ်သမားရှားပါးခြင်းကို ဖြေရှင်းပေးခြင်းသာဖြစ်ကြောင်း၊ သို့မှသာ ရင့်မှည့်သော စပါးများကို အလေအလွင့်မရှိအောင် ရိတ်သိမ်းနိုင်မည်ဖြစ်ကာ တောင်သူလယ်သမားများအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent