မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်တိုးချဲ့ (၁) လမ်းရှိ နေအိမ် ၅၀ ခန့်အား ဇေကမ္ဘာကုမ္ပဏီက နိုဝင်ဘာ ဒုတိယပတ်အတွင်း ထပ်မံဖယ်ရှားမည်

မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်တိုးချဲ့ (၁) လမ်းရှိ နေအိမ် ၅၀ ခန့်အား ဇေကမ္ဘာကုမ္ပဏီက နိုဝင်ဘာ ဒုတိယပတ်အတွင်း ထပ်မံဖယ်ရှားမည်
Published 1 November 2017

နိုဝင်ဘာလအတွင်း ဇေကမ္ဘာကုမ္ပဏီက ဖျက်သိမ်းမည့် နေအိမ်များကို တွေ့ရစဉ်

မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်တိုးချဲ့ (၁) လမ်းရှိ နေအိမ် ၅၀ ခန့်အား ဇေကမ္ဘာကုမ္ပဏီက  နိုဝင်ဘာ ဒုတိယပတ်အတွင်း ထပ်မံဖယ် ရှားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၃၁ ရက်မှာ မြောက်ပိုင်းခရိုင်တရားရုံးကို ဘီလစ်အရာရှိက အပ်ဝရမ်း ပြန်အပ်ရမယ်။ ဝရမ်းပြန်အပ်တဲ့အခါမှာ ဘိလစ်အရာရှိက အကုန်လုံးကို မဖယ်နိုင်ဘူး။ ဒုတိယအကြိမ် ဝရမ်းပြန်ကပ်မယ်။ နိုဝင်ဘာ ၁၃၊ ၁၄ လောက်တော့ ခန့်မှန်းတယ်။ ဒီကြားထဲမှာ ဘာမှမလုပ်ပါဘူး။ လာမယ့် နိုဝင်ဘာ ၁၃၊ ၁၄ ရက်မှာ ဦးကံထွန်းရဲ့ မြေဧကတွေပေါ်မှာ အိမ်မြေ ၅၀ ရှိပါတယ်။ အဲဒီအိမ်တွေကို ဖယ်ရှားသွားမှာပါ” ဟု ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးမြင့်ဇော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ (၁) လမ်းနှင့် စက်မှုဇုံတိုးချဲ့  (၁) လမ်းကြားရှိ မြေဧက ၁၁ ဧကကျော်နှင့် ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီနှင့် လယ်သမား များအကြား ၂၀၁၂ ခုနှစ်ကတည်းက အမှုရင်ဆိုင် ခဲ့ခြင်းဖြစ်ပြီး ခြောက်နှစ်ကျော် အမှုရင် ဆိုင်ပြီးနောက် လယ်သမားများဘက်က ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အမှုရင်ဆိုင်ရာတွင် လယ်သမားများဘက်က အမှုရှုံးနိမ့်ခဲ့သည့်အတွက် အောက်တိုဘာ ၃၀ ရက်တွင် စက်မှုဇုံတိုးချဲ့ (၁) လမ်းရှိ လယ်သမားဟုဆိုသူ ဦးလှဌေး၏ နေအိမ်နှစ်လုံးအား ဇေကမ္ဘာကုမ္ပဏီမှ အနီရောင်အဝတ်များ ဝတ်ဆင်ထားသည့် အလုပ်သမား ၁၅၀ ခန့် လာရောက်ဖယ်ရှားခဲ့ပြီး သွပ်ပြားများဖြင့် ခြံစည်းရိုး ကာရံခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇေကမ္ဘာကုမ္ပဏီဘက်က နိုဝင်ဘာလ ဒုတိယပတ်တွင် လယ်သမားဟုဆိုသူ ဦးကံထွန်း အငှားချထားသည့် နေအိမ် ၅၀ ခန့်အား လာရောက် ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ဒုတိယပတ်အတွင်း နေအိမ်များ ဖယ်ရှားမည်ဆိုခြင်းနှင့် ပတ်သက်၍ ဦးကံထွန်း၏ မြေကွက်ပေါ်တွင် ငှားရမ်းနေထိုင်သူများက နေစရာမရှိသည့် အခက်အခဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“အစ်မအိမ်မှာ ကျောင်းတက်နေတဲ့ ကလေးက လေးတန်းတစ်ယောက်နဲ့ တစ်တန်းတစ်ယောက်ရှိတယ်။ နောက်တစ်ခေါက် သူတို့လာဖျက်ရင် ကလေးတွေကို အခြားကျောင်း အပ်ဖို့အတွက်က စာသင်နှစ်ပြီးတော့ မှာဆိုတော့ ဘယ်ကျောင်းကမှ လက်ခံတော့မှာ မဟုတ်ဘူး။ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတော့ ရွှေ့ဖို့ပြောင်းဖို့က မလွယ်ဘူး။ ကလေးတွေ ကျောင်းလေးပြီးမှပဲ လာဖျက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဦးကံထွန်း မြေကွက်ပေါ်တွင် မြေကွက်ငှားရမ်းနေထိုင်သည့် မတင်တင်အေးက ပြောကြားသည်။

ဇေကမ္ဘာကုမ္ပဏီက ဖယ်ရှားမည့် မြေနေရာများပေါ်တွင် နေအိမ် ၅၀ ခန့်ရှိပြီး စာသင်ကြားနေသည့် ကလေး ၅၀ ကျော်နှင့် သက်ကြီးရွယ်အိုများလည်း ရှိကြောင်း သိရသည်။

“လာဖျက်ရင် အခြားဘယ်မှာ သွားနေရမလဲမသိဘူး။ မစီစဉ်ရသေးဘူး။ ဦးကံထွန်းဆီမှာ ငှားနေတဲ့ အိမ်တွေထဲမှာ သက်ကြီးရွယ်အိုက ၁၅ ယောက်လောက်ရှိတယ်။ ကလေးတွေလည်းရှိတယ်။ လာဖျက်ရင် ကလေးတွေ ပညာရေးလည်း ဒုက္ခရောက်ပြီပေါ့” ဟု ဒေါ်သန်းရီက ပြောကြားသည်။

“သူတို့ဖျက်ရင်တော့ မတတ်နိုင်ဘူး။ ကိုယ့်ဘက်က တတ်နိုင်သလောက် ရှင်းရမှာပဲ။ တရားရေးနဲ့ စီစဉ်တော့ တရားရေးနဲ့ပဲ လိုက်ရမှာပါ။ ဒီမြေကွက်ပေါ် နေထိုင်တဲ့သူတွေ အတွက်တော့ ဘာမှမစဉ်းစား နိုင်သေးဘူး။ သူတို့က အဓမ္မဆိုတော့ ကိုယ့်ကလည်း ဒါတွေ တားမြစ်တာပဲလေ။ မနေ့ကလည်း တားမြစ်ထားတဲ့ ကြားထဲကပဲ စာမထုတ်ဘာမထုတ်နဲ့ အဓမ္မဝင်ဖျက်တာ။ မြေတိုင်းတာ လွဲသွားလို့သာ ပြန်သွားတာ” ဟု ဦးကံထွန်းက ဆိုသည်။

အဆိုပါ မြေနေရာများအား ဇေကမ္ဘာကုမ္ပဏီမှ အောက်တိုဘာ ၃၀ ရက် နံနက်မှ စတင်ကာ ဖျက်သိမ်းခြင်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းနေ့တွင် နေအိမ်နှစ်လုံးအား ဖျက်သိမ်းခဲ့ကြောင်း၊ ကျန်ရှိသည့် နေအိမ်များအား မြေတိုင်းတာရန် ရှိသဖြင့် ဖျက်သိမ်းခြင်း မပြုသေးခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent