၂၀၁၈ ပညာသင်နှစ်အတွက် အွန်လိုင်းဖြင့်ပို့ချသည့် ဥပဒေပညာဘွဲ့ (Online LL.B) ပထမနှစ်သင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်

၂၀၁၈ ပညာသင်နှစ်အတွက် အွန်လိုင်းဖြင့်ပို့ချသည့် ဥပဒေပညာဘွဲ့ (Online LL.B) ပထမနှစ်သင်တန်းကို အွန်လိုင်းမှ စတင်လျှောက်ထားနိုင်
Published 1 November 2017

ဥပဒေပညာဘွဲ့ (Online LL.B) သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးလျက်ရှိသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်အား တွေ့ရစဉ်

၂၀၁၈ ပညာသင်နှစ်အတွက် အွန်လိုင်းဖြင့်ပို့ချသည့် ဥပဒေပညာဘွဲ့ (Online LL.B) ပထမနှစ်သင်တန်းကို အွန်လိုင်းမှတစ်ဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး www.ynou.edu.mm website မှတစ်ဆင့် Online Registration ပြုလုပ်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဥပဒေပညာရပ် လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ကာ ဥပဒေပညာဘွဲ့ (LL.B) သင်တန်းကို Web-Based Teching System (WBTS) အသုံးပြုသင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“သင်တန်းက ဘွဲ့ကြိုသင်တန်းအမျိုးအစားဖြစ်တဲ့အတွက် ဝင်ခွင့်လျှောက်ထားတဲ့သူတွေက ပညာရေးဆိုင်ရာ အထောက်အထားတွေကို အခိုင်အမာပြပေးဖို့ လိုအပ်ပါတယ်။ သင်တန်းကာလကလည်း ငါးနှစ်ကြာမြင့်မှာဖြစ်ပါတယ်။ အွန်လိုင်းက သင်ကြားတယ်ဆိုပေမယ့်လည်း ဥပဒေပညာကို အမှန်တကယ် တတ်ကျွမ်းနားလည်အောင် သင်ကြားပေးတာမျိုးဖြစ်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းက နည်းနေပါသေးတယ်။ ဒါကလည်း အရည်အသွေးကို ထိန်းထားတဲ့သဘောပါ” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်တန်းသို့ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အမှတ်စုစုပေါင်း ၃၅၀ နှင့်အထက်ရရှိ၍ အင်္ဂလိပ်စာ ၅၀ မှတ်နှင့်အထက်ရရှိသူ သို့မဟုတ် ဥပဒေပညာဘွဲ့မှအပ အခြားဘွဲ့တစ်ခုခုရရှိပြီးသူများ လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်လွှာများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သင်တန်းဝင်ခွင့် လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းတို့ ပူးတွဲ၍လည်းကောင်း၊ ဘွဲ့တစ်ခုခုရရှိပြီး သူများအတွက် ဘွဲ့လက်မှတ်မူရင်းနှင့်အတူ ပူးတွဲ၍လည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းပြုလုပ်ရမည်ဖြစ်ပြီး ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသားတစ်ဦးစီအတွက် Student ID နှင့် Password တို့ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အမြန်ဆုံးစာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ အွန်လိုင်းဖြင့်ပို့ချသည့် ဥပဒေပညာဘွဲ့သင်တန်းကို ၂၀၁၄ ပညာသင်နှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ပညာသင်နှစ် တစ်နှစ်လျှင် သင်တန်းသားဦးရေ ၂၀၀ လက်ခံသင်ကြားပေးခြင်းဖြစ်သည်။ အရည်အသွေးပိုင်း ထိန်းသိမ်းထားသည့်အတွက် အဆိုပါအွန်လိုင်း ဥပဒေပညာဘွဲ့သင်တန်းသည် တစ်နှစ်လျှင်အောင်ချက်ရာခိုင်နှုန်း ၅၀ ဝန်းကျင်သာရှိနေကြောင်း သိရသည်။

Most Read

Most Recent