ဧရာဝတီတိုင်းအတွင်း စက်ရုံမှထွက်ရှိမည့် ရေဆိုးများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ပီလောပီနံစက်ရုံ တည်ဆောက်မည်

ဧရာဝတီတိုင်းအတွင်း စက်ရုံမှထွက်ရှိမည့် ရေဆိုးများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ပီလောပီနံစက်ရုံ တည်ဆောက်မည်
Published 1 November 2017

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထိုင်းကုမ္ပဏီတစ်ခုမှ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် ပီလောပီနံစိုက်ခင်းများ စိုက်ပျိုးပြီး ပီလောပီနံစက်ရုံမှ ထွက်ရှိလာမည့် ရေဆိုးများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားကိုပါထုတ်လုပ်နိုင်သည့် ပီလောပီနံစက်ရုံတစ်ခုအား လာမည့်နှစ်အတွင်း တည်ဆောက်နိုင်ရန် မြေနေရာရှာဖွေလျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးဦးဘဟိန်းက ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံအစည်းအဝေးတွင် လေးမျက်နှာမြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးစိုးခိုင်က တိုင်းအတွင်း ပီလောပီနံစိုက်ပျိုးနေသည့်  တောင်သူများကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် လွှတ်တော်တွင်း မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးမှ ထိုင်းနိုင်ငံကုမ္ပဏီတစ်ခုမှ ဒေသခံ တောင်သူများနှင့် အကျိုးတူ ပူးပေါင်းကာ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် ပီလောပီနံစိုက်ခင်း ဧက ၅၀၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးထွက်ရှိလာသည့် ပီလောပီနံများကို ဈေးကွက်ဝင်ရောင်းချနိုင်ရေးအတွက် အမှုန့်ကြိတ်စက်များကိုပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းစက်ရုံမှ ထွက်ရှိလာသည့် ရေဆိုးများမှတစ်ဆင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းကိုပါ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေသည့် မြေနေရာများကို အဖွဲ့များ ဖွဲ့ကာ ရှာဖွေလျက်ရှိပြီး လုပ်ငန်းများ စတင် လည်ပတ်ပါက တိုင်းဒေသကြီးအတွင်း မူလ စိုက်ပျိုးနေသည့် ပီလောပီနံစိုက် တောင်သူများ အနေဖြင့်ပါ အကျိူးတူ ကန်ထရိုက်လယ်ယာ မြေစနစ်ဖြင့် ပူးပေါင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာမည့်နှစ်တွင် ထိုင်းနိုင်ငံကုမ္ပဏီနှင့် ပီလောပီနံမျိုးစေ့များ အသုံးပြုပြီးတော့ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်နဲ့ တိုးချဲ့ပြီး စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ပီလောပီနံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ထိုင်းနိုင်ငံ ကုမ္ပဏီအနေနဲ့ ပီလောပီနံ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရန် ဧက ၅၀၀၊ ထွက်ရှိလာတဲ့ မျိုးများကို စိုက်ပျိုး နိုင်ရန် ဧက ၅၀၀၀ ကို ရရှိမည်ဆိုပါက တစ်ဧကကို ပေါက်ဂဏန်းဖြင့် ကန်ထရိုက်လယ်ယာ စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ကုန်ချောထုတ် လုပ်ရန် စက်ရုံများ တည်ဆောက်ခြင်း ဆောင်ရွက်မည်ဖြစ်ပြီး မြေနေရာများ ရှာဖွေခြင်း အဖွဲ့များဖွဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါတယ်၊ စိုက်ပျိုးနည်းစနစ် မျိုးဓာတ်မြေသြဇာပံ့ပိုးရေး ပစ္စည်းများကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းဟာ ပီလောပီနံ စက်ရုံများ တည်ဆောက်ရေး ပါဝင်ပြီး စွန့်ပစ်ရေများ ရေဆိုးများ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနဲ့ လုပ်ငန်းအစီအစဉ်တွေ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပီလောပီနံ ဈေးကောင်းရရှိရေးနဲ့ သိုလှောင်မှုလွယ်ကူစေရန် အမှုန့်ကြိတ်စက်များကိုလည်း တည်ထောင်သွားရန် အစီအစဉ်ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ လျှပ်စစ်ဓာတ်အားကို လိုအပ်ချက်ကို ပီလောပီနံစက်ရုံက ထွက်ရှိလာတဲ့ ရေဆိုးတွေကို လျှပ်စစ်ဓာတ်အားအဖြစ်နဲ့ ပြောင်းလဲမယ့်လုပ်ငန်း အစီအစဉ်တွေလည်း ထည့်သွင်းထားတဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု များလည်း မရှိနိုင်ကြောင်းလည်းဖြေကြားအပ်ပါတယ်” ဟု ဦးဘဟိန်းက ပြောကြားသည်။