ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်ရှိ ဝကုန်းကျေးရွာအနီး ဘဲ့မတတ်တောင်ကြောပေါ်တွင် ယာဉ်တိမ်းမှောက်ခဲ့ပြီး ၁၁ ဦးဒဏ်ရာရ

ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်ရှိ ဝကုန်းကျေးရွာအနီး ဘဲ့မတတ်တောင်ကြောပေါ်တွင် ယာဉ်တိမ်းမှောက်ခဲ့ပြီး ၁၁ ဦးဒဏ်ရာရ
Published 1 November 2017

ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်ရှိ ဝကုန်းကျေးရွာအနီး ဘဲ့မတတ်တောင်ကြောပေါ်မှ မိုင်တိုင်အမှတ် ၁၉/၃ နှင့် ၁၉/၄ အကြားတွင် အောက်တိုဘာလ ၃၁ ရက်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က ဖောင်းတောရွာမှ ထားဝယ်မြို့သို့ထွက်ခွာလာသည့် FUSO အမျိုးအစား အဖြူရောင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖောင်းတောကျေးရွာနေ ကိုသက်ပိုင်ဦး(၂၅နှစ်) မောင်းနှင်လာသည့် 1B/---- နံပါတ်ပါ အဖြူရောင် FUSO ယာဉ်မှာ ဘဲ့မတတ်တောင်ကြောပေါ်ရှိ မိုင်တိုင် ၁၉/၄ အနီးသို့ အရောက်တွင် အရှိန်လွန်ပြီး လမ်း၏ညာဘက်အခြမ်းရှိ နံရံအား ဝင်တိုက်ကာနံဘေးသို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၁၁ ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး မေတ္တာရှင်၊ မှိုင်းကာရီနှင့် ထားဝယ်မြို့ရှိ ဇမ္ဗူသီရိ၊ ဇမ္ဗူရတနာ အသင်းတို့မှ အရေးပေါ် လူနာတင်ယာဉ် ၁၀ စီးအပြင် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေး ယာဉ်များဖြင့် သွားရောက်၍ လူနာများအား သယ်ယူပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးထံသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ကို နေ့လည် ၂ နာရီ ၂၀ လောက်မှာ အရေးပေါ်ဖုန်း ဝင်လာတယ်။ ထားဝယ်မြို့ကနေ မိုင် ၂၀ လောက်ဝေးတဲ့ ဘဲ့မတတ်တောင်ပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေတဲ့ သတင်းရတော့ ကျွန်တော်တို့က ချက်ချင်းကယ်ဆယ်ရေးယာဉ်တွေ ထွက်ပါတယ်။ ကျွန်တော်တို့ ဆီကတော့ ၆ စီးနဲ့ကျန်တဲ့အရန်အဖွဲ့တွေ ထွက်ကြပါတယ်။ ဟိုရောက်တော့ လမ်းတဝက်မှာ လူနာတွေ တင်ဆောင်လာတဲ့ ဒိုင်နာကားဆီကနေ လူနာတွေချိန်းပြီး ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်။ ပြီးတော့မှ ယာဉ်တိမ်းမှောက်မှု ဖြစ်တဲ့နေရာကို ပြန်ပြီးတော့ ရှာဖွေကယ်ဆယ်ရေးတခါ ဒုတိယတကြိမ် သွားလုပ်ပါတယ်။ ကားက ကုန်းဆင်းကနေပြီးတော့ သူ့ပုံကြည့်ရတာ ဘရိတ်များ ပေါက်တာလား။ ဒါမှမဟုတ်ရင် အရှိန်မထိန်းနိုင်တာလားတော့ မပြောတတ်ဘူးပေါ့နော်။ အဲဒီကုန်းဆင်းကနေ အရှိန်လွန်ဆင်းလာပြီးတော့မှ ညာဘက်ခြမ်းမှာရှိတဲ့ မြေသားနံရံကို ဝင်ဆောင့်ပြီးတော့မှ ကားမှောက်သွားတာပေါ့နော်” ဟု အခင်းဖြစ်သည့် နေရာသို့သွားရောက်ကူညီခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ကိုနိုင်မျိုးသွင်က ပြောကြားသည်။

ထိုသို့ ယာဉ်တိမ်းမှောက်ပြီးနောက် ယာဉ်၏ရှေ့ပိုင်း အင်ဂျင်နှင့် ဘီးများမှာ ကုန်းပေါ်၌ ကျန်ခဲ့ပြီး ယာဉ်မှာလမ်းနံဘေးရှိ ချောက်ထဲသို့ ထိုးကျသွားခဲ့ကာ ပက်လက်လန်၍ တိမ်းမှောက်နေသည်ကို တွေ့ရကြောင်း၊ ယာဉ်ပေါ်တွင် ဖောင်းတောရွာ၊ ကထောင်းနီရွာ၊ ကျောက်ထူးရွာ၊သ ပြုချောင်းရွာ၊ ကင်းပွန်းခြုံရွာတို့မှ ၁၁ ဦးလိုက်ပါလာပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၁ ဦးတွင် ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသူ ၅ ဦးရှိကာ ယင်းအနက် ၂ ဦးမှာ အခြေအနေဆိုးရွား၍ စိုးရိမ်နေရသည့် အနေအထားရှိသည်ဟု သိရသည်။ ဖြိုးဇင်(ထားဝယ်)

Most Read

Most Recent