ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ၊ တံတားနှင့် လမ်းဆုံလမ်းခွများတွင် အုပ်စုဖွဲ့ အရက်သောက်သူများကို စတင်ဖမ်းဆီးနေပြီး တစ်ရက်တည်း ၁၀၈ ဦး ဖမ်းဆီးခဲ့

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ၊ တံတားနှင့် လမ်းဆုံလမ်းခွများတွင် အုပ်စုဖွဲ့ အရက်သောက်သူများကို စတင်ဖမ်းဆီးနေပြီး တစ်ရက်တည်း ၁၀၈ ဦး ဖမ်းဆီးခဲ့
Published 1 November 2017

ရန်ကုန်တိုင်းအတွင်းရှိ တံတားတစ်စင်းပေါ်တွင် အရက်သေစာ သောက်စားနေသူများကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးစဉ် (ဓာတ်ပုံ-ရဲတပ်ဖွဲ့)

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူ နှင့်သက်ဆိုင်သည့် ပန်းခြံ၊ တံတားများနှင့် လမ်းဆုံလမ်းခွများတွင် အရက်သောက်စား သူကို စတင်ဖမ်းဆီးခဲ့ရာ တစ်ရက်တည်းတွင် ၁၀၈ ဦးထိ ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်မြို့အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွား စြင်္ကံများတို့တွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၃၀ ရက်မှစတင်ကာ ဖမ်းဆီး အရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

စတင်ဖမ်းဆီးသည့် နေ့၌ပင် ရန်ကုန် အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များအတွင်းမှ ကိုး ဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်း မှ ၇၁ ဦး၊ မြောက်ပိုင်းခရိုင်ရှိမြို့နယ်များအ တွင်းမှ ၂၈ ဦးတို့အား ဖမ်းဆီးပြီး ရန်ကုန်ရဲ အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“လူစည်ကားတဲ့နေရာတွေမှာ အရက်သေစာ သောက်စားတဲ့ လူတွေကို လိုက်လံဖမ်းဆီးပြီးတော့ ရန်ကုန်ရဲအက်ဥပဒေနဲ့ တိုက်ရိုက်တရားစွဲဆို တင်ပို့ပါတယ်။ ရန်ကုန်မှာတော့ ရန်ကုန်ရဲအက်ကို သုံးပါတယ်။ ကျန်တဲ့ပြည်နယ်တွေမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအက်ရှိပါတယ်။ ပြစ်ဒဏ်ပေးဖို့ အပိုင်းကျတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်ထွေးက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ထိုသို့ ဖမ်းဆီးခဲ့သူများကို ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၄၁ ဖြင့် အရေးယူထားပြီး ရန်ကုန်ရဲအက်မှာ ခံဝန်မရှိသဖြင့် ဖမ်းဆီးရမိသူများကို တိုက်ရိုက်တရားစွဲဆို တင်ပို့ထားကြောင်း သိရသည်။

ယင်းသို့ မဖမ်းဆီးမီ အောက်တိုဘာ ၁ ရက်မှစတင်၍ လူစည်ကားရာ နေရာများတွင် အရက်သေစာ သောက်စားသူများကို လိုက်လံပြီး အသိပညာပေးခြင်း လုပ်ငန်းအား ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလ တစ်လပြည့်သည့်နေ့ အောက်တိုဘာ ၃၀ ရက်တွင် ယင်းသို့လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အရက်သေစာ သောက်စားသူများကို ဖမ်းဆီးမှုမှာ မန္တလေးတိုင်းဒေသကြီး၌ အောက်တိုဘာ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်တာ ကာလအတွင်း ၁၁၁ ဦးဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသူများအနက် အချို့ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး အချို့ကို ရဲအက် ၄၇ ဖြင့် တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent