၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ ဖြည့်စွက်တောင်းခံထားသည့်အနက် ကျပ် ၆၆၄၀၂ ဒသမ ၄၈၃ သန်းလျှော့ချခွင့်ပြုရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လွှတ်တော်သို့ တင်ပြ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ ဖြည့်စွက်တောင်းခံထားသည့်အနက် ကျပ် ၆၆၄၀၂ ဒသမ ၄၈၃ သန်းလျှော့ချခွင့်ပြုရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လွှတ်တော်သို့ တင်ပြ
Published 1 November 2017

အောက်တိုဘာ ၃၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ ဖြည့်စွက်တောင်းခံထားသည့်အနက် ကျပ် ၆၆၄၀၂ ဒသမ ၄၈၃ သန်းလျှော့ချခွင့်ပြုရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

အောက်တိုဘာ ၃၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းပါ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်တောင်းခံငွေများအပေါ် စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က စိစစ်လျှော့ချထားသည့်အတိုင်း အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းပါ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်တောင်းခံငွေများအပေါ် စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က စိစစ်လျှော့ချထားသည့်အတိုင်း အတည်ပြုပေးရန်၊၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မများအရ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ နောက်ထပ်အသုံးစရိတ်လိုငွေကျပ် ၂၄၇၈၃၃၄ သန်းအားခွင့်ပြုပေးရန်၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မ ၁၄ (က) တို့အရ အထက်ပါ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုတွင်ပါဝင်သော ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ကျပ် ၂၄၉၉၄၃ သန်းအား ခွင့်ပြုပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ ပုဒ်မ ခွဲ (ဂ) ပုဒ်မခွဲငယ် (၁) အရ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏လိုငွေကို မူလကျပ်သန်း ၁၇၀၇၅၈၀ မှ ကျပ် ၁၇၂၂၉၂၄ သန်းသို့ ပြုပြင်လျာထားပြီးဖြစ်သည့်အတွက် ထပ်မံလိုအပ်သည့် ကျပ် ၁၅၃၄၄ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်ရေးအား ခွင့်ပြုပေးရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ် ၁၃၁ ဒသမ ၀၀၁ ဘီလျံတောင်းခံမှုကို စိစစ်ရာတွင် ၂၀၁၄-၂၀၁၅၊ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပေးရန်ရှိ အခွန်ကြွေးကျန်များပါရှိသည့်အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းများအတွက်ပါ တောင်းခံထားသည်ကို တွေ့ရှိရကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကြွေးကျန်များကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အပြီးအပြတ် တောင်းခံပေးသွင်းသွားရန်၊ တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းအတွက် လုပ်ငန်းတန်ဖိုးများ ခန့်မှန်းတွက်ချက်ရာတွင် ကုန်သွယ်လုပ်ငန်းခွန်ကိုပါ တစ်ပါတည်း ထည့်သွင်းတောင်းခံသွားရန် ညွှန်ကြားချက် ထုတ်ပြန်ပြီးဖြစ်သည်ဟု သိရှိရကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မူလခန့်မှန်းခြေစာရင်း ရေးဆွဲချိန်ကပင် ကုန်သွယ်လုပ်ငန်းခွန်ကို ထည့်သွင်းတွက်ချက်ရေးဆွဲစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဖြည့်စွက်ခွင့်ပြုငွေတွင် ထည့်သွင်းတောင်းခံခြင်းကို ခွင့်မပြုသင့်ဟု သဘောထားမှတ်ချက်ပြုကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ဝန်ထမ်းသစ်များခန့်ထားရန် လစာနှင့် စရိတ်ဖြည့်စွက်ခွင့်ပြုတောင်းခံခြင်းနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် အောက်ပါအချက်များနှင့် ညီညွတ်သည့် တောင်းခံငွေများကိုသာခွင့်ပြုရန် ထောက်ခံတင်ပြသွားမည်ဖြစ်ကြောင်း၊ နှစ်စဉ် စီမံကိန်းနှင့် မူလခန့်မှန်းခြေစာရင်းတွင် မပါဝင်ဘဲ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရရှိပြီးမှသာ ခန့်ထားခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ထောက်ခံခွင့်ပြုသွားမည်မဟုတ်ကြောင်း၊ နှစ်စဉ် စီမံကိန်းနှင့် မူလခန့်မှန်းခြေစာရင်းတွင် လျာထားခွင့်ပြုချက်ရရှိပြီးသော ဝန်ထမ်းသစ်များ၊ နှစ်စဉ်စီမံကိန်းနှင့် မူလခန့်မှန်းခြေစာရင်းတွင် မပါဝင်သော်လည်း လုပ်ငန်းလိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခန့်ထားရန် သဘောတူခွင့်ပြုချက်ရရှိပြီးသော ဝန်ထမ်းသစ်များဟု သဘောထားမှတ်ချက်ပြုထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေတောင်းခံမှုတွင် ကျပ် ၂၀၅၉၄ ဒသမ ၁၆၅ ဘီလျံတောင်းခံထားခဲ့ပြီး ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုတွင် ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံ တောင်းခံထားကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးကော်မရှင်မှ ထောက်ခံတင်ပြလာသော ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလျံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ အသုံးစရိတ် ကျပ် ၂၀၅၉၄ ဒသမ ၁၆၅ ဘီလျံ၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်များနှင့် နှိုင်းယှဉ်ပါက ဖြည့်စွက်ခွင့်ပြုငွေပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ထို့ပြင် ဖြည့်စွက်ခွင့်ပြုငွေများသည် ဘဏ္ဍာနှစ်မကုန်ဆုံးမီ သုံးလမှလေးလအတွင်းတွင်သာ သုံးစွဲရသော အသုံးစရိတ်များဖြစ်ပြီး ၎င်းကာလသည် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏သုံးငွေ အများဆုံးကာလလည်းဖြစ်ကြောင်း၊ ထို့အတွက် ဖြည့်စွက်ခွင့်ပြုငွေကို အတတ်နိုင်ဆုံး စိစစ်ခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းမှ ဖြည့်ဆည်းပေး (ချေးယူ) ရသည့် ပမာဏကို လျော့ကျစေနိုင်ပြီး ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းအပေါ် သက်ရောက်မှုကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

 

Most Read

Most Recent