ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ဂေဟာများတွင် စောင့်ရှောက်ထားသော မြန်မာနိုင်ငံသား ၁၁ ဦးအား မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ဂေဟာများတွင် စောင့်ရှောက်ထားသော မြန်မာနိုင်ငံသား ၁၁ ဦးအား မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်
Published 1 November 2017

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ လူသားလုံခြုံရေးဌာနမှ Chalter များတွင် စောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီး ၁၁ ဦးတို့အား ထိုင်းတာဝန်ရှိသူများက အောက်တိုဘာ ၃၁  ရက် နံနက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခရိုင် တာဝန်ရှိသူများက လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး နှစ်ဦးတို့ကို မြဝတီမြို့အမှတ် (၄) ရပ်ကွက်၊ ဓိဋ္ဌာန်အောင်ဘုရားအနီးရှိ ယာယီစောင့်ရှောက်ရေး ဂေဟာ၌ မြဝတီခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက လက်ခံခဲ့သည်။

မြန်မာနိုင်ငံ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည့် မြန်မာနိုင်ငံသား ၁၁ ဦးအား မြဝတီ၊ ခရိုင်၊ မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမ ှမြို့နယ်ဦးစီးဌာန၊ အလုပ်သမား ဦးစီးအရာရှိတို့က လက်ခံခဲ့သည်။ ထိုင်းနိုင်ငံ တာ့ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ Mr.Setthath Yingyai ဦးဆောင်သည့် အဖွဲ့က ပြန်လည်လွဲှပြောင်းပေးသည့် မြန်မာနိုင်ငံသားများမှာ ချင်းပြည်နယ် ပလက်ဝနှင့် ကရင်ပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပွဲစားနှင့်သွားရောက်ခဲ့ပြီး မလေး ရှားသို့ မရောက်မီ ထိုင်းနိုင်ငံအတွင်းရှိ ဆော် ခါမြို့နယ်၊ ဆဒေါက်ရော်ဘာတောတွင် လူစုထားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဂေဟာများတွင် တစ်နှစ်ခန့်နေရကာ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်ရောက်ရှိလာသူများက ပြောကြားသည်။

“ပလက်ဝကနေ ရန်ကုန်ကို သွားခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ အစ်ကိုတစ်ယောက် ချိတ်ဆက်ပေးတဲ့ အတွက် မလေးသွားဖို့ ဘုရားသုံးဆူလမ်းကနေ ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက် သွားခဲ့တယ်။ ၁၂ ရက်နေ့မှာ အဖမ်းခံရတယ်။ အချုပ်မှာနေခဲ့ရသလို ဂေဟာမှာလည်း နေခဲ့ရပါတယ်” ဟု မြဝတီသို့ ရောက်ရှိလာသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က လာရောက် ကြိုဆိုကာ မွန်ပြည်နယ် မော်လမြိုင်မြို့ လူငယ်စောင့်ရှောက်ရေး သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သိသည်။

“မော်လမြိုင်ကို ခေါ်သွားမယ်။ မော်လမြိုင်မှာ Chalter နှစ်ခုရှိပါတယ်။ အမျိုးသား၊ အမျိုးသမီး ယာယီစောင့်ရှောက်ရေး Chalter မှာ သုံးရက်ထားပါမယ်။ မိသားစုတွေနဲ့ ချိတ်ဆက်ရတယ်။ လူကုန်တား ရဲကလည်း စစ်ဆေးမှုတွေ လုပ်ရပါတယ်။ လူကုန်တားရဲက စစ်ဆေးမှုပြီးတဲ့အခါ ပွဲစားတွေကို ဖော်ထုတ်မယ့် အပိုင်းတွေရှိတယ်။ လူကုန်တားရဲက လုပ်ငန်းတွေပြီးရင် မိသားစု ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်ပေးရပါတယ်။ ၁၈ နှစ်အထက် ကလေးတွေကို လမ်းစရိတ်၊ စားစရိတ်ပေးပြီး ပြန်ပို့ပေးပါတယ်။ ၁၈ နှစ်အောက်ငယ်တဲ့ ယောက်ျားနဲ့ မိန်းကလေးတွေကို သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် မိသားစု ပေါင်းစည်းရေး ဆောင်ရွက်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။ ပို့ဆောင်ပေးပြီး နှစ်ပတ်အကြာမှာတော့ Follow-up လုပ်ပြီး ဘဝရပ်တည်ရေးအတွက် ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးပါတယ်” ဟု မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးပြီး လုပ်အားခလစာ နည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီများနှင့် ချိတ်ဆက်ပြီး အထောက်အထားနှင့်သွားသူ ရှိသလို အထောက်အထားမဲ့ သွားရောက် သူများလည်းရှိပြီး မကြာခဏ လူကုန်ကူးခံရသူ အများအပြားရှိကြောင်း သိရသည်။

 

Most Read

Most Recent