ကြည့်မြင်တိုင်မြို့နယ်တွင် ခရီးသည်အမျိုးသမီးကို ထိုးကြိတ်ပြီး လုယက်မှုကျူးလွန်သည့် အငှားယာဉ်မောင်းအပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိ

ကြည့်မြင်တိုင်မြို့နယ်တွင် ခရီးသည်အမျိုးသမီးကို ထိုးကြိတ်ပြီး လုယက်မှုကျူးလွန်သည့် အငှားယာဉ်မောင်းအပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိ
Published 31 October 2017

ကြည့်မြင်တိုင်မြို့နယ်တွင် ခရီးသည်အမျိုးသမီးကို ထိုးကြိတ်ပြီး ရွှေထည်ပစ္စည်းနှင့် ဖုန်းလုယက်သည့် အငှားယာဉ်မောင်း အပါအဝင်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် နေထိုင်သည့် ဒေါ် . . . . သည် အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းမကြီး ရှမ်းလမ်းနှင့် ဗားကရာလမ်းထောင့်မှနေ၍ နေအိမ်သို့ပြန်ရန် ပရိုဘောက်အမျိုးအစား အငှားယာဉ်အား ကျပ် ၂၀၀၀ ဖြင့် ငှားရမ်ခဲ့ကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးအနီးအရောက်၌ အဆိုပါယာဉ်၏နောက်ခန်းတွင် ပုန်းလျှိုပြီးလိုက်ပါလာသူ အမျိုးသားတစ်ဦးက ဒေါ် . . . . ၏လည်ပင်းအား နောက်မှသံကြိုးဖြင့်သိုင်းပြီး ဝက်အူလှည့်အချွန်ဖြင့်ထောက်ကာ ရွှေထည်ပစ္စည်းနှင့်ငွေများအား ထုတ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုပြီးနောက် ယာဉ်မောင်းအမျိုးသားက ဒေါ် . . . . အား လက်သီးဖြင့်ထိုးခဲ့သဖြင့် ဒေါ်...... မှာမေ့လဲသွားခဲ့ကြောင်း သိရသည်။

မေ့လဲသွားပြီး ပြန်လည်သတိရလာချိန်တွင် ပတ်ဝန်းကျင်အားကြည့်ရှုရာ ဒေါ် . . . . မှာ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမပေါ်သို့ ရောက်ရှိနေကြောင်းသိရပြီး ယာဉ်၏နောက်ခန်းတွင် လိုက်ပါလာသူအမျိုးသားက ယာဉ်မောင်းသူအား တောင်ဒဂုံဘက်သို့ သွားမည်ဟုပြောဆိုပြီး ယာဉ်အားရပ်ကာ ဒေါ် . . . . အား ယာဉ်ပေါ်မှတွန်းချခဲ့ကြောင်းနှင့် ဒေါ်...... တွင်ပါရှိသည့် လက်ကိုင်ဖုန်းတစ်လုံး၊ ရွှေဆွဲကြိုးတစ်ကုံး၊ စိန်လော့ကတ်သီးတစ်ခု၊ စိန်နားကပ်တစ်ရံ၊ ရွှေလက်စွပ်တစ်ကွင်းနှင့် ကျပ် ၂၀၀၀၀ တို့အား လုယက်ကာ ယာဉ်အားမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒေါ်..... က သက်ဆိုင်ရာ သာကေတမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းရာ ရဲစခန်းက (ပ) ၁၀၅၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄ ဖြင့်အမှုဖွင့်ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခြားရဲစခန်းများနှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ CCTV Control Center နှင့် ချိတ်ဆက်ပြီးဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်မှာ အမှတ် 2F/----- ယာဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ပြီး အဆိုပါယာဉ်အား အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးလမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရပ်တန့်ထားသည်ကိုတွေ့ရှိခဲ့ပြီး လုယက်မှုကျူးလွန်ခဲ့သည့် လှိုင်မြို့နယ်နေ ဇော်မင်းထွန်း (၃၀ နှစ်) ကို ဆိုင်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအားဖမ်းဆီးပြီးစစ်ဆေးရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူတစ်ဦးမှာ လှိုင်သာယာမြို့နယ်နေ စိုးထွေး (၂၉ နှစ်) ဖြစ်ကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ရာ စိုးထွေးအား ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်ရှိ အဆောင်တွင် ယင်းနေ့မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent