Eleven Media Group ၏ (၉) ကြိမ်မြောက် ကထိန်အလှူတော် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်

Eleven Media Group ၏ (၉) ကြိမ်မြောက် ကထိန်အလှူတော် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်
Published 30 October 2017

ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ မုန်တိုင်ဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ၏ (၉) ကြိမ်မြောက် ကထိန်အလှူတော်ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Eleven Media Group ၏ (၉) ကြိမ်မြောက် ကထိန်အလှူတော်ကို အောက်တိုဘာ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကထိန်အလှူပွဲသို့ Eleven Media Group ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်၊ အထွေထွေမန်နေဂျာ ဦးထိန်လင်းနှင့် ဝန်ထမ်းများ၊ သကြားဟင်းအိုး နှင့် အနီးအနားရှိ ကျေးရွာများမှ ရွာသူ၊ သားများ တက်ရောက်ခဲ့ကြသည်။

Eleven Media Group နှင့် ဝန်ထမ်းများမှ မတည်လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀ နှင့် အနီးအနားရှိ ကျေးရွာများမှ ပူးပေါင်းလှူဒါန်းသည့် ပစ္စည်းပဒေသာပင် အလှူငွေကျပ် ငါးသိန်းဖိုးတို့ဖြင့် ကထိန်သင်္ကန်းနှင့် အရန် သင်္ကန်း အခြားအရန်ပစ္စည်းများကို စုပေါင်း လှူဒါန်းခဲ့ကြသည်။

အဆိုပါကထိန်အလှူပွဲတွင် သောကြာ အနောက်မှန်ကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏ္ဍလက ရေစက်ချတရား ဟောကြားခဲ့ပြီး အလှူပွဲသို့ လာရောက်ကြသူများအား စတုဒိသာ အလှူထမင်းဟင်းများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

“ ဒီမုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိတဲ့အတွက် ဦးဇင်းနဲ့အတူ ရွာအနီးက ဒကာ၊ ဒါယိကာမတွေကလည်း အသက်မဆုံးရှုံးနိုင်ဘူး။ လာပြီးတော့ ခိုလှုံနိုင်တယ်။ ဦးဇင်းတို့နဲ့ အတူ ဒကာ၊ ဒါယိကာမတွေလည်း ဝမ်းသာ တယ်။ Eleven Media Group မိသားစုက ကိုးနှစ်တိတိ ကထိန်တွေ ခင်းပေးတယ်။ အဆောက်အအုံလည်း ဒီလိုဖြစ်ပေါ်လာတဲ့အတွက်ကြောင့် နောက်နောင် ရာသီဥတုဒဏ်ကို ကာကွယ်နိုင်တယ်” ဟု ဖျာပုံခရိုင် ဒေးဒရဲ မြို့နယ် သကြားဟင်းအိုးကျေးရွာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပုညောဘာသက မိန့်ကြားသည်။

“Eleven Media Group ကနေ နှစ်စဉ် နှစ်တိုင်း ဒီမှာကထိန်လာခင်းတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့လည်း သူတို့အလှူနဲ့ပေါင်းပြီး တတ်နိုင်သမျှ လုပ်အားဒါနနဲ့ အလှူငွေ အနည်းအများ ပါဝင်လှူဒါန်းနိုင်တဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ နောက်လည်း Eleven Media Group ကနေ နှစ်စဉ်ကထိန် အလှူတွေ လာရောက်လှူဒါန်းနိုင်ပြီးတော့ ဒီထက် တိုးတက် အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ကထိန်အလှူပွဲသို့ လာရောက်ခဲ့သည့် ဖိုးရှမ်းကြီးကျေးရွာမှ ဒေါ်အုန်းလှက ပြောကြားသည်။

Most Read

Most Recent