ချောင်းသာကမ်းခြေ၌ ဈေးပြန်ရောင်းလိုသည့် ဈေးသည်များနှင့် လယ်ယာမြေ ပြန်လည်ရယူလိုသည့် ရေးမြို့နယ်မှ တောင်သူများ နေပြည်တော်တွင် လာရောက်ဆန္ဒထုတ်ဖော်

ချောင်းသာကမ်းခြေ၌ ဈေးပြန်ရောင်းလိုသည့် ဈေးသည်များနှင့် လယ်ယာမြေ ပြန်လည်ရယူလိုသည့် ရေးမြို့နယ်မှ တောင်သူများ နေပြည်တော်တွင် လာရောက်ဆန္ဒထုတ်ဖော်
Published 30 October 2017

ချောင်းသာကမ်းခြေမှ ဈေးသည်များနှင့် ရေးမြို့နယ်မှ တောင်သူများ နေပြည်တော်တွင် လာရောက် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ - ကျော်မျိုး)

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ဈေးပြန်ရောင်းလိုသော ဈေးသည်များနှင့် လယ်ယာမြေ ပြန်လည်ရရှိလိုသည့် မွန်ပြည်နယ် ရေးမြို့နယ်မှ ဇီးဖြူတောင် ကျေးရွာတောင်သူများ နေပြည်တော်တွင်  အောက်တိုဘာ ၂၉ ရက်က ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းရင်းကတော့ ဧရာဝတီတိုင်းဒေသကြီးက ကမ်းခြေဈေးသည်တွေ ဈေးရောင်းချခွင့်ပြန် လည်ရရှိဖို့အတွက် ကျွန်တော်တို့အဆင့်ဆင့် ကြိုးစားခဲ့တယ်။ ကြိုးစားတဲ့အပေါ် တိုင်းဒေသကြီး အစိုးရဝန်ကြီးတွေ ကိုယ်တိုင်ရော၊ လွှတ် တော်က စည်ပင်ရေးရာကော်မတီရော ဆင်း စစ်တယ်။ ဆင်းစစ်တော့ နေရာတွေပြန်လည် သတ်မှတ်ပေးမယ်ဆိုပြီး မနှစ်က တစ်နှစ်လုံး နေရာပြန်ပေးတာမရှိဘူး။ ဒီနှစ်မှာတော့ ဖမ်း ဆီးတရားစွဲတာတွေ ဖြစ်လာတယ်။ ဖြစ်လာ တော့ နိုင်ငံတော်အတိုင်ပင်ခံသိအောင် တင် ပြတယ်။ တင်ပြပေမဲ့ အလုပ်ရှုပ်နေမှာ ဖြစ်တော့ တွေ့ခွင့်ရမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့သိအောင်ဆိုပြီး ဆန္ဒထုတ်ဖော်တာဖြစ် ပါတယ်” ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဧရာဝတီတိုင်းဒေသကြီး လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ တိုင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် ဈေးရောင်းသူများသည် ဟိုတယ်များ၏ တိုင်ကြားမှုကြောင့် နေရာရွှေ့ပြောင်း ရောင်းချခဲ့ရကြောင်း၊ ထို့သို့ ပထမအကြိမ် ဈေးနေရာ ပြောင်းရွှေ့ရောင်းချခဲ့ပြီးနောက် ဈေးစည်ကား လာသည့်အခါ ထပ်မံတိုင်ကြားမှုကြောင့် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ဈေးသည်များ ဈေးရောင်းချခွင့် ပိတ်ခဲ့ကြောင်း၊  ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင် ဈေးရောင်းချသူများကို တရားစွဲဆိုခြင်းများပြုခဲ့ကြောင်း၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် နေရာ ပြန်လည် ချထားေပေးခြင်းမရှိဘဲ ဈေးရောင်းသည့် ပစ္စည်းများကို သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အတွက် ဈေးသည်များမှာ စားဝတ်နေရေး ကျပ်တည်းကာ ဒုက္ခရောက်နေသည့်အတွက် ဈေးရောင်းရန်နေရာ အမြန်ပြန်လည် သတ်မှတ်ပေးပါရန် လာရောက်ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အစိုးရက ထုတ်ထားတဲ့ အမိန့်တွေမှာ ကျတော့ အဲဒီလိုမဟုတ်ဘူး။ ကမ်းခြေမှာ ကျူးကျော်နေတဲ့ ဟိုတယ်ခြံစည်းရိုးတွေ ဖျက်ပေးရမယ်။ ကျူးကျော်နေတာတွေကို ပြန်တိုင်းတာ သတ်မှတ်ပေးရမယ် ဆိုတာပါတယ်။ ကမ်းခြေသဘာ၀ မပျက်အောင် ငါးလှမ်းစင်တွေ မလုပ်ရဘူး ဆိုတာပါတယ်။ ဒါပေမဲ့ ကမ်းခြေကိုကျူးနေတဲ့ ဟိုတယ်တွေကိုလည်း မဖျက်နိုင်ဘူး။ မတားဆီးနိုင်ဘူး။ ကမ်းခြေမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေကိုပဲ တစ်ဖက်သတ် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကိုလည်း အရေးယူပေးဖို့ ဒီနေ့ဆန္ဒပြတဲ့ အချက်ထဲမှာလည်း ပါတယ်” ဟု ဦးထွန်းထွန်းဦးက ပြောကြား သည်။

“ဈေးမရောင်းရတော့ အကုန်လုံးဒုက္ခ ပေါင်းစုံနဲ့ ကျောင်းသားတွေလည်း ကျောင်း မတက်နိုင်၊ အကြွေးပေါင်းစုံနဲ့ အိမ်ပေါင်သူကလည်းပေါင်၊ ဖြစ်နေကြပါတယ်။ အခုလည်း ရှိတာလေးတွပေါင်ပြီး နေပြည်တော်အထိလာပြီး ကျွန်မတို့ အဖြစ်ကလေးတွေကို သိစေချင်လို့ပါ။ တကယ်တန်းက နေရာပြန်လိုချင်လို့ပါ” ဟု ချောင်းသားကမ်းခြေမှ ဈေးသည် ဒေါ်နုနုယဉ်က ပြောကြားသည်။

မွန်ပြည်နယ် ရေးမြိ့နယ် ဇီးဖြူတောင် ကျေးရွာအုပ်စုရှိ တောင်သူ ၁၀ ဦးခန့် ပိုင်ဆိုင်သော လယ်မြေဧက ၁၂၀ ခန့်ကို စကခ ၁၉ တပ်ရင်းမှ ပုစွန်ကန်လုပ်ယူရန် ယခင်က သိမ်းယူခဲ့ကြောင်း၊ သို့ရာတွင် စီမံကိန်း အကောင်အထည် မဖော်နိုင်သည့်အတွက် မူလတောင်သူများထံသို့ ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း ကျေးရွာဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အကွက်ရိုက် ရောင်းစားမှုများ ပြုလုပ်နေကြောင်း၊ ထို့အတွက် မူလပိုင်ရှင်များက ပြန်လည်ရလိုသည့်အတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောကြားသည်။

“ဒေသခံတွေက မကျေနပ်လို့ တိုင်ကြတယ်။ အတိုင်ပင်ခံရုံးကလည်း ဒါတွေကိုစစ်ဆေးပြီး ပြန်တင်ဖို့ စာထုတ်တယ်။ အမျိုးသားလွှတ်တာ် တိုင်ကြားစာ ကော်မတီကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပေးဖို့ စာထုတ်တယ်။ အဲဒီအတွက် ပြည်နယ်ဝန်ကြီး၊ လယ်ယာမြေနဲ့ အခြားမြေ ကော်မတီတွေနဲ့ သတင်းမီဒီယာတွေပါတယ်။ ကွင်းဆင်းစစ်တယ်။ ပေါ်တယ်။ ပေါ်တဲ့အခါ ဒီလယ်မြေတွေစိစစ်ပြီး ပြန်ပေးပါမယ်ဆိုပြီး မြန်မာ့ရုပ်မြင်သံကြားမှာ လယ်မြေတွေ ပြန်ပေးပြီဆိုပြီး တရားဝင်ပါတယ်။ အခုကြားထဲမှာ ၁၀ လရှိသွားပြီ။ အခုအချိန်အထိ ပြန်မရကြဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့ ရောင်းစားထားတဲ့ဆီက ဝယ်ထားတဲ့ သူတွေကလည်း အိမ်ဆောက်ဖို့ လုပ်နေပြီ။ လက်ရှိ လယ်သမားတွေနဲ့ ဝယ်ထားတဲ့သူတွေ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံသိအောင် စာတင်တယ်။ တွေ့ခွင့်တောင်းတယ်။ မရလို့ နိုင်ငံတော် အကြီးအကဲတွေ သိအောင် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ပြောကြားသည်။

“ပုစွန်မွေးတယ်။ သူတို့ မအောင်မြင်တော့ စွန့်လွှတ်ထားတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ကို အသိမပေးဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်မတို့ မြေပေါ်မှာ အကွက်ရိုက်ပြီး ရောင်းချထားတယ်။ အထက်သက်ဆိုင်ရာကို တက်တော့လည်း မအောင်မြင်လို့ ကျွန်မတို့ ဒီလမ်းပေါ်ကို တက်ရခြင်း ဖြစ်ပါတယ်” ဟု မြေပြန်လည်ရလိုသူ ဒေါ်ညွန့်စိန်က ပြောကြားသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်နှစ်ခုမှ ဆန္ဒပြသူ ၃၀ ခန့်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် V4 မြို့ပတ်လမ်းမှ ရွှေနံသာရပ်ကွက် ဘောလုံးကွင်းအတွင်းသို့ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများက ကြွေးကြော်သံများအဖြစ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်များအား အမြန်ဆုံး အကောင်အထည်ဖော်ပေးရေး၊ တရားဝင် စွန့်လွှတ်မြေများ မူလပိုင်ရှင် လက်ဝယ် အမြန်ပေးအပ်ရေး။ သိမ်းဆည်းမြေများ အပေါ်တွင် အလွဲသုံးစားပြု ရောင်းချသည့်  အုပ်ချုပ်ရေး အဖွဲ့အား ထုတ်ဖော်အရေးယူပေးရေး၊  အဓမ္မဖယ်ရှားခံရသည့် ချောင်းသားကမ်းခြေ ဈေးသည်များ ဈေးပြန်လည် ရောင်းချခွင့်ရရှိရေး၊ ဒေသန္တရအမိန့်အပေါ် ဥပဒေနှင့် အညီဆောင်ရွက်ခြင်း မရှိသော ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့အား အရေးယူပေးရေး စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ယင်းစာသာများ ပါရှိသော ဗီနိုင်းများကို ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent