သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မြို့နယ်အဆင့် ဦးစီးမှူးရုံးများ ဘဏ္ဍာငွေ ခွင့်ပြုချက် ရရှိပါက ယခုဘဏ္ဍာနှစ်မကုန်မီ ဖွင့်လှစ်မည်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မြို့နယ်အဆင့် ဦးစီးမှူးရုံးများ ဘဏ္ဍာငွေ ခွင့်ပြုချက် ရရှိပါက ယခုဘဏ္ဍာနှစ်မကုန်မီ ဖွင့်လှစ်မည်
Published 30 October 2017

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် မေ ၄ ရက် ညပိုင်းက မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ သစ်ပင်ကြီးများ လဲပြိုနေစဉ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မြို့နယ်အဆင့်ဦးစီးမှူး ရုံးများအား ဘဏ္ဍာငွေ ခွင့်ပြုချက်ရရှိပါက လက်ရှိဘဏ္ဍာ နှစ်မကုန်မီ ဖွင့်လှစ်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးကိုကိုနိုင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန် နှစ်စဉ် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခံစားနေရသည့် မြို့နယ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မြို့နယ်အဆင့် ဦးစီးမှူးရုံးများ အမြန်ဆုံး ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “အဲဒီရုံးတွေ ဖွင့်လှစ်ဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေမှာ ထည့်သွင်းတောင်းခံထားပါတယ်။ ခွင့်ပြုချက်ရရှိပါက ဘဏ္ဍာနှစ်မကုန်မီ ရုံးများ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှု လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ ပြောကြားသည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင်ရုံးပေါင်း ၇၄ ရုံး၊ မြို့နယ်ရုံးပေါင်း ၃၃၀ အထိ တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ခရိုင်ရုံး ၂၈ ရုံး၊ မြို့နယ်ရုံး တစ်ရုံးသာ ဖွင့်လှစ်နိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် မြို့နယ်အဆင့်အထိ ဦးစီးရုံးများ အမြန်တိုးချဲ့ ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ရုံးများအဖြစ် ကချင်ပြည်နယ်တွင် တစ်ရုံး၊ ကယားပြည်နယ်တွင် သုံးရုံး၊ ကရင် ပြည်နယ်တွင် နှစ်ရုံး၊ မွန်ပြည်နယ်တွင် ငါးရုံး၊ ရခိုင်ပြည်နယ်တွင် ခုနစ်ရုံး၊ ရှမ်းပြည်နယ်တွင် ခုနစ်ရုံး၊ ရန် ကုန်တိုင်းဒေသကြီးတွင် လေးရုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ငါးရုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ငါးရုံး၊ မကွေးတိုင်းဒေသကြီးတွင် ငါးရုံး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် သုံးရုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်ရုံး စုစုပေါင်း ၅၅ ရုံး တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ခရိုင်ရုံးများအဖြစ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တစ်ရုံးစီ၊ ရှမ်းပြည်နယ်တွင် နှစ်ရုံး စုစုပေါင်း ခရိုင်ရုံးခုနစ်ရုံး တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent