<

စားသောက်ဆိုင်များက ၎င်းတို့သဘောဖြင့် ရယူနေသည့် ၀န်ဆောင်ခများကို ရယူသင့်၊ မသင့် သဘောထား ကောက်ခံထားပြီး ရရှိမှုအပေါ် မူတည်၍ စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်မည်

Service Tax ရယူထားသည့် စားသောက်ဆိုင် တစ်ဆိုင်မှ ငွေရှင်းပြေစာအား တွေ့ရစဉ်

ကုန်သွယ်လုပ်ငန်းခွန်အပြင် စားသောက်ဆိုင်များက ၎င်းတို့သဘောဖြင့် ရယူနေသည့် ၀န်ဆောင်ခများနှင့် ပတ်သက်၍ ရယူသင့်၊ မသင့် သဘောထား ကောက်ခံထားပြီး ရရှိမှုအပေါ် မူတည်၍ စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ကာ ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၏ ပြောကြားချက်အရ သိရသည်။

“စားသောက်ဆိုင်တွေမှာ ၀န်ဆောင်ခဆိုပြီး အခွန်အခတွေ ကောက်တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လေးကြိမ်မြောက် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှာ ဆွေးနွေးကြတယ်။ အဲဒီမှာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သဘောထားတွေကို ပြန်တောင်းထားပါတယ်။ Service Tax ဆိုတာမျိုးက စားသုံးသူက ငွေရှင်းတော့မှ ဘီလ်မှာပါမှန်းသိတာ။ အဲဒီအချိန် စားသုံးသူက စားလည်းပြီးနေပြီ။ အဲဒီအခါ ကျေနပ်မှု မရှိဘူး။ မပေးချင်ဘဲ ပေးရတယ်ဆိုတဲ့ သဘောတွေ ဖြစ်နေတယ်။ ဒါကို တခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်သလဲဆိုတော့ ဥပမာ-အာဆီယံ နိုင်ငံတွေမှာရှိတဲ့ စားသောက်ဆိုင် တော်တော်များများက ဆိုင်မ၀င်ခင်မှာ မီနူးစတန်း လေးတွေ ထားပေးထားတယ်။ ပြီး တော့ အဲဒီမှာ ဒီဆိုင်မှာ ၀င်သွားရင်တော့ အမျိုးအစားအလိုက်၊ ဈေးနှုန်းအလိုက်ကတော့ ဒါတွေရှိပါတယ်။ ဒါ့အပြင် ၀န်ဆောင်ခ ဘယ်လောက် ရာခိုင်နှုန်း ပေးရမယ် ဆိုတာမျိုးကို သူတို့ ကြိုတင်ကြေညာ ပေးထားတယ်။ အဲဒီအခါ စားသုံးသူက သူဝင်မယ့်ဆိုင်က ဒါတွေရှိတယ်၊ ကျေနပ်တယ်ဆိုရင် ၀ယ်စားမယ်ပေါ့။ ဒါကြောင့် ၀န်ဆောင်ခတွေ ကောက်မယ် ဆိုရင်တော့ စားသုံးသူကို ဆိုင်ထဲမ၀င်ခင် ကတည်းက သတင်းအချက်အလက် ကြိုတင်ပြီးတော့ အသိပေးဖို့ လိုပါမယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံမှာလုပ်ဖို့ ကျွန်တော်တို့ ဆွေးနွေးထားတယ်။ တကယ်လို့ ဗဟိုကော်မတီမှာ ဆွေးနွေးပြီး သဘောတူရင်တော့ စားသုံးသူရေးရာဌာန အနေနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အရေးယူတဲ့ ပုံစံကျတော့ မလုပ်ခဲ့ရင် အမိန့်အာဏာတစ်ခုကို မလိုက်နာခဲ့ရင် ဥပဒေအရ အရေးယူနိုင်တဲ့ အပိုင်းတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

၂၀၁၄ ခုနှစ် မတ် ၁၄ ရက်တွင် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါဥပဒေတွင် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်အတွက် တားမြစ်ချက်များ ဖော်ပြပါရှိပြီးဖြစ်ကြောင်း သိရသည်။

 

October 29, 2017














Copy Protected by Chetan's WP-Copyprotect.