ကမ်းရိုးတန်း လုံခြုံရေးအတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေချင်းဆက် ကမ်းပတ်လမ်း (Coastal Road) ကို အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ကမ်းရိုးတန်း လုံခြုံရေးအတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေချင်းဆက် ကမ်းပတ်လမ်း (Coastal Road) ကို အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Published 28 October 2017

ကမ်းရိုးတန်း လုံခြုံရေးအတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေချင်းဆက် ကမ်းပတ်လမ်း (Coastal Road) ကို အမြန်ဆုံး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမ်းပတ်လမ်းဖောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်း သဘောတူထားကြောင်းနှင့် ပြည်ထောင်စု အစိုးရကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ကမ်းရိုးတန်းလုံခြုံရေးနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက “ရခိုင်အစိုးရအဖွဲ့နဲ့တို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဂွမှာ လျှပ်စစ်မီး လာဖွင့်တဲ့အခါ ဆုံပြီးတော့မှ အချင်းချင်းတွေ ပြောခဲ့ကြတယ်။ ဒီရခိုင်ပြည်နယ် ကမ်းခြေနဲ့ ဧရာဝတီတိုင်းကမ်းခြေဟာ အရှည်ကြီးပဲ။ ဟိုးဘက် တို့ဧရာဝတီတိုင်းကမ်းခြေ ရှည်တာ ခဏထား။ ငွေဆောင်တို့၊ ချောင်းသာတို့၊ ရွှေသောင်ယံတို့၊ ဒီဘက်မှာက ကျောက်ချွန်း၊ ဒီဘက်မှာ ဂွအထိ အဲဒီမှာ Coastal Road ကမ်းပတ်လမ်းကြီးဖောက်ဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့ ဧရာဝတီတိုင်းအစိုးရတို့ ညှိနှိုင်းတယ်။ သူလည်း သဘောကျတယ်။ ငါတို့လည်း သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ်းခြေလုံခြုံရေးဆိုတာ ဒီလမ်းကောင်းမှ။ ဒီလမ်းကောင်းလို့ရှိရင် အချိန်မရွေး။ အခုလည်း ထားပါတော့ စက်လှေ ပျက်နေတယ်။ ပျက်လည်းပျက်ရော တောထဲကိုဝင်သွားရင် ပျောက်သွားပြီ။ အဲဒါကို ထိန်းနိုင်ဖို့ဆိုရင် ကမ်းပတ်လမ်း Coastal Road ရှိနေမှ။ Coastal Road ရှိလာပြီဆိုရင် အဲဒီမှာ ရဲစခန်းတို့ ရှိလာမှာပေါ့။ လမ်းကောင်းလို့ရှိရင် ချက်ချင်းလာလို့ ရတယ်။ အဲဒီတော့ Coastal Road ကို လုပ်ဖို့ရန် ငါတို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရနဲ့ ဒီက ရခိုင်ပြည်နယ် အစိုးရတို့ ညှိထားပြီးပြီ” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေနှင့် ရခိုင်ကမ်းရိုးတန်း ကမ်းခြေမှတစ်ဆင့် တရားမဝင် ဘင်္ဂါလီများ ဝင်ရောက်မှုများ ရှိနေပြီး ဖမ်းဆီးရမိမှုများလည်းရှိကြောင်း သိရသည်။ အဆိုပါ ဝင်ရောက်လာသူများသည် လှေပျက်သည်ဟုဆိုကာ ကမ်းခြေတောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်များ ရှိကြောင်းလည်း သိရသည်။

ဇူလိုင် ၂၂ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဂွမြို့ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီး မန်းဂျော်နီ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု ဆွေးနွေးရာမှ ရရှိလာသည့် ရလဒ်ကောင်းတစ်ခု အနေဖြင့် မကျေးငူ-ကျောက်ချွန်လမ်းပိုင်းကို ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ဆက်တစ်စပ်တည်း ဖောက်လုပ်နိုင်ရန်နှင့် တံတားများ တည်ဆောက်နိုင်ရန် ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူလုပ်ဆောင်ပေးရန် ပူးပေါင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တင်ပြချက်များနှင့် ပတ်သက်၍ ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

Most Read

Most Recent