မြန်မာအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား မြေယာသိမ်းဆည်းမှုနှင့် သစ်တောပြုန်းတီးမှုပြဿနာများကို ဖြေရှင်းရာတွင် ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ လမ်းညွှန်ချက်အသစ်များ အဓိကကျလာနိုင်ဟု Global Witness ထုတ်ပြန်

မြန်မာအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား မြေယာသိမ်းဆည်းမှုနှင့် သစ်တောပြုန်းတီးမှုပြဿနာများကို ဖြေရှင်းရာတွင် ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ လမ်းညွှန်ချက်အသစ်များ အဓိကကျလာနိုင်ဟု Global Witness ထုတ်ပြန်
Published 27 October 2017

 

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစသည့် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား မြေယာသိမ်းဆည်းမှုများနှင့် သစ်တောပြုန်းတီးမှု ပြဿနာများကို ဖြေရှင်းရာတွင် ရော်ဘာလုပ်ငန်းနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏လမ်း ညွှန်ချက်အသစ်များမှာ အဓိကကျလာနိုင်သည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်တွင် အစိုးရများအကြား ကျင်းပသော ကွန်ဖရင့်၌ ထုတ်ပြန်လိုက်သော အဆိုပါ လမ်းညွှန်ချက်များသည် ကမ္ဘာတစ်ဝန်းလုံးတွင် အရွယ်အစားကြီးမားသော ရော်ဘာစိုက်ခင်းများလုပ်ကိုင်သည့် ကုမ္ပဏီများကြောင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆိုးကြုံနိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းရာတွင် ယနေ့အချိန်အထိ တိုးတက်မှုအရှိဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းနှင့် အဆိုပါ လမ်းညွှန်ချက်အတွက်  Global Witness အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက လေးနှစ်ကြာ ပါဝင်ရေးဆွဲခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်နိုင်ငံက ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်များမှာ မြေယာနှင့်အခြား သဘာဝအရင်းအမြစ်များနှင့် ဆက်စပ်ပြီး ဒေသခံလူထုများ၏ အခွင့်အရေးများကို လေးစားခြင်းနှင့် ကာကွယ်ခြင်းဖြစ်ပြီး  ယင်းတွင် လွတ်လပ်သော ကြိုတင်အသိပေး တိုင်ပင်မှုနှင့် လူထုသဘောထား ရယူခြင်းဆိုင်ရာ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ ပါဝင်သည်။ ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အလုံးစုံလွှမ်းခြုံသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက်များ လုပ်ဆောင်ရန်၊ ဇီဝမျိုးကွဲများစုံလင်မှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် သစ်တောများ ထိခိုက်ခြင်း မရှိစေရန်အတွက် သစ်တောပြုန်းတီးမှု လုံးဝမရှိစေရေး မူဝါဒကို အသုံးပြုရန်၊ ရပ်ရွာလူထုအတွက် အဆင်မပြေနစ်နာမှုများ ဖြေရှင်းပေးသည့်စနစ် ထူထောင်ထားရှိရန် နှင့် သယံဇာတဆုံးရှုံးမှုများအတွက် ရပ်ရွာ လူထုကို နစ်နာကြေး အပြည့်အဝပေးအပ်ရန် စသည့်အချက်များကို လမ်းညွှန်ချက်များအဖြစ် သတ်မှတ်ထားပြီး အချက်အချက်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် တာယာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Michelin သည် ၎င်း၏ လုပ်ငန်းများအားလုံးတွင် မြေယာအခွင့်အရေးများကို ကာကွယ်ရေးနှင့် သစ်တောပြုန်းတီးမှုလုံးဝမရှိစေရေးအတွက် ကုမ္ပဏီအနေဖြင့် အလေးအနက်ထားမှုကို ဖော်ပြသည့် ၎င်း၏ ရေရှည်တည်တံ့သော သဘာဝရာဘာရင်းမြစ် ရယူခြင်းမူဝါဒကို ၂၀၁၅ ခုနှစ်တွင် စတင် ကြေညာခဲ့ပြီး ကုမ္ပဏီသည် ယင်း၏ သွင်းအားစုကွင်းဆက်များကို အပြည့်အ၀ ခြေရာခံနိုင်စေရန်အတွက် ယင်းထံသို့ ပစ္စည်းပေးသွင်းသူများအားလုံး၏ ဆက်စပ်မှုများကို စာရင်းပြုစုရန်ရည်ရွယ်ထားသည်။ ထို့ကြောင့် လက်ရှိ လမ်းညွှန်ချက်များကို တရုတ်နိုင်ငံ တွင် အခြေစိုက်သော ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီများက လိုက်နာရန် ပျက်ကွက်ပါက အဓိကနိုင်ငံတကာလုပ်ငန်းကြီးများနှင့် ဆက်စပ်လုပ်ငန်းလုပ်ခွင့်များ ဆုံးရှုံးနိုင်သည်ဟု သတိပေးထားသည်။

အလားတူပင် အပြည်ပြည်ဆိုင်ရာရာ ဇဝတ်မှုတရားရုံး (ICC) ၏ တရားစွဲဆိုတင်ပို့ရေးအရာရှိက ယင်း၏ လုပ်ဆောင်မှုနယ်ပယ်ကို ချဲ့ထွင်ရန် မကြာသေးမီက လုပ်ဆောင်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု တရားစီရင်ရေးအတွင်း ထင်ရှားသောအ ပြောင်းအလဲမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားတွင် မြေယာသိမ်းယူမှုများသည် ပုံစံတစ်ခုဖြင့် အတိုင်းအဆကြီးမားစွာ ဖြစ်ပွားနေခဲ့ရာ ယင်းကို လူသားထုအပေါ် ကျုးလွန်သော ရာဇဝတ်မှုတစ်ခုအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ICC က စဉ်းစားနေကြောင်းနှင့် ယခုအချိန်တွင် မြေယာသိမ်းဆည်းမှုများ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများနှင့် ဆက်စပ်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ဥပဒေများအရ ကုမ္ပဏီအမှုဆောင်အရာရှိများကို တရားစွဲဆို၍ ရနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“လမ်းညွှန်ချက်တွေ အမှန်တကယ် သက်ရောက်မှုဖြစ်စေဖို့ ကုမ္ပဏီတွေက ဒီအချက်တွေကို မဖြစ်မနေအသုံးချဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို လက်တွေ့ဖော်ဆောင်ခြင်း မရှိခဲ့ရင် ကုမ္ပဏီတွေဟာ အသစ် ပေါ်ထွန်းလာတဲ့ ခိုင်မာတဲ့ လုပ်ငန်းဆိုင်ရာစံ နှုန်းတွေနဲ့ ညီညွတ်ခြင်းမရှိဘဲ နောက်ကျကျန် နေခဲ့နိုင်ပါတယ်” ဟု  Global Witness  မြေယာအဖွဲ့မှ Ali Hines က ပြောကြားသည်။

သဘာဝရော်ဘာနှင့်ပတ်သက်သော ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုအတွက် တရုတ် နိုင်ငံ၏ လမ်းညွှန်ချက်များကို တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် တရုတ် နိုင်ငံသတ္တု၊ တွင်းထွက်နှင့် ဓာတုပစ္စည်းများ တင်သွင်းသူများ၊ တင်ပို့သူများအဖွဲ့ချုပ် (CCCMC) က ထုတ်ပြန်ကြေညာခဲ့ပြီး ရော်ဘာကုမ္ပဏီများ၏ လုပ်ငန်းများနှင့် ယင်းတို့ က အခြားကုမ္ပဏီများနှင့်ထိတွေ့လုပ် ဆောင်ရာတွင် CCCMC လမ်းညွှန်ချက်များ အသုံးပြုခြင်း ရှိမရှိကို စောင့်ကြည့်ရန် အရှေ့တောင် အာရှတစ်လွှားရှိ လူထုများကို တိုက်တွန်းကြောင်း Global Witness ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent