ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ထွက်သွားပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီတစ်ဦးအား လဝက အက်ဥပဒေဖြင့် အရေးယူမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ထွက်သွားပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီတစ်ဦးအား လဝက အက်ဥပဒေဖြင့် အရေးယူမည်
Published 27 October 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ထွက်သွားပြီးနောက် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဆိုပါ ဘင်္ဂါလီအား လဝက အက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီမှာ ဘူးသီးတောင်မြို့နယ် ကျွန်းပေါက်ရွာနေ အဒူလ်ဟာလိတ် (၃၅ နှစ်) (ဘ) နိုရ်ရူလောက်ဆိုသူဖြစ်ပြီး ၎င်းအား အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က တောင်ပြိုနယ်စပ်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီသည် သြဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူးခီးယားမြို့နယ် တန်ခါလီကျေးရွာမှ ထွက်ခွာခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်တွင် နယ်စပ်မှတ်တိုင် ၂၉ နှင့် ၃၀ ကြားမှ မြန်မာနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီအား လဝကအက်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားသည့် ဘင်္ဂါလီများကို တောင်ပြိုလက်ဝဲနှင့် ငါးခူရတို့တွင် လက်ခံရေးစခန်း နှစ်ခုဖွင့်ကာ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူများ ရှိနေကြောင်း သိရသည်။

အောက်တိုဘာ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မောင်တောမြို့နယ် နယ်မြေ (၃) ကွမ်းသီးပင်ချောင်း၀ ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ်ရှာဟက်အာ့သာ (၅၆ နှစ်) ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ် (ID) ၂၆၉၀၄၂၁၅၈၈၉၉၂ နှင့် ဓားကောက်တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent