ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် စီမံကိန်း၊ မာန်အောင်ကျွန်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ငပလီဟိုတယ် စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာ ၃၀ ရက်တွင် တစ်ပြိုင်တည်း ပြုလုပ်မည်

ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် စီမံကိန်း၊ မာန်အောင်ကျွန်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ငပလီဟိုတယ် စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာ ၃၀ ရက်တွင် တစ်ပြိုင်တည်း ပြုလုပ်မည်
Published 26 October 2017

ရခိုင်ပြည်နယ်ရှိ မာန်အောင်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ မာန်အောင်ကျွန်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် လက်ရှိ ငပလီဂေါက်ကွင်းအား အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းနှင့် ဟိုတယ်စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် တစ်ပြိုင်တည်း ပြုလုပ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တော စီးပွားရေးဇုန်သည် မောင်တောမြို့မှ နှစ်မိုင်ခန့်အကွာ ကညင်ချောင်း ကျေးရွာအနီး ရေနက်ဆိပ်ကမ်းတွင် တည်ဆောက်နေခြင်းဖြစ်ကာ စီးပွားရေးဇုန် အကောင်အထည် ဖော်လာပါက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်မြင့်မားလာမည့်အပြင် ဒေသခံ တိုင်းရင်းသားများလည်း ဝင်ငွေရရှိလာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

“အဓိက,ကတော့ မောင်တောအခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ ရန်ကုန်ဘက်က ကုမ္ပဏီတွေ ပေါင်းပြီးတော့ Comsotium ကုမ္ပဏီတစ်ခု ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီကုမ္ပဏီနဲ့ အစိုးရ ပေါင်းပြီးတော့ ဒီကုန်သွယ်ရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။ ပထမကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကုန်သွယ်မှုက တိုးမြင့်လာမယ့် အနေအထား ရှိပါတယ်။ ဒုတိယ တစ်ချက်က အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာပြီးတော့ ဒေသခံတိုင်းရင်းသားတွေ ဝင်ငွေပိုမိုရရှိပြီး ဒေသတည်ငြိမ်အေးချမ်းမှုကို ပိုမိုအကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ကညင်ချောင်းဆိပ်ကမ်းသည် တန်ချိန် ၃၀၀၊ ၄၀၀ ကျော် သင်္ဘောများ အချိန်မရွေး ဝင်ထွက်နိုင်ပြီး စီးပွားရေးဇုန်မှာ မောင်တောမြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ကညင်ချောင်း ရေနက်ဆိပ်ကမ်းအနီးရှိ မြေဧက ၄၉ ဒသမ ၈၆ ပေါ်တွင် ယခင်အစိုးရ လက်ထက်က ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများမှ မတည်ငွေ စုစုပေါင်း သိန်း ၁၀၀၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မောင်တောနယ်စပ် ကညင်ချောင်း ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသူဈေးကွက်မှ ရောင်းသူဈေးကွက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မောင်တောနယ်စပ် ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

ထို့ပြင် မာန်အောင်ကျွန်းတွင်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ၊ မာန်အောင်အများပိုင် ကုမ္ပဏီနှင့် ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI) တို့ပူး ပေါင်းပြီး ၂၀၁၆ ခုနှစ်မှစ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ဖြေကြားခဲ့သည်။

ယင်းနှင်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုက “ဒီဇင်ဘာ လောက်မှာဆိုရင် ဟိုတယ်လုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်မယ်လို့ သိရတယ်။ ဟိုတယ်တွေ ဖြစ်လာတာနဲ့အမျှ မာန်အောင်ရဲ့ သဘာ၀ အလှအပကိုလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ မိုင် ၃၀ ကျော် ရှည်လျားတဲ့ မာန်အောင်ကမ်းခြေမှာ ဟိုတယ်တွေ ဖြစ်လာမယ် ဆိုရင်တော့ ငပလီထက်၊ ချောင်းသာထက် သာယာတဲ့ အလှအပကို ခံစားနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အလားတူစွာပင် ငပလီကမ်းခြေသည် ကမ္ဘာ့အဆင့် (၈) တွင် ရှိသော်လည်း လက်ရှိတွင် ကမ်းခြေသန့်ရှင်းမှု မရှိသည့် ကိစ္စရပ်များကြောင့် အဆင့် ၁၀ အောက် ရောက်ရှိသွားသော်လည်း သန့်ရှင်းအောင် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ငပလီကမ်းခြေနှင့် ဆက်စပ်ကာ ဂွမြို့နယ် ကမ်းသာယာတွင်လည်း ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်များ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းဟိုတယ်များသည် ပုံမှန်ဟိုတယ်များကဲ့သို့ ပြင်ဆင်ထားသော်လည်း ဈေးနှုန်းသက်သာအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးကျော်အေးသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအစဉ်ကို ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့ရာတွင် အောက်တိုဘာ ၂၉ ရက် ညနေ ၂ နာရီ မိနစ် ၃၀ တွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ပညာရှင်များ တက်ရောက်ပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦကျော်ဝင်း တက်ရောက်၍ ဦးဆောင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံး ဖွင့်လှစ်ပွဲ ကျင်းပမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လုပ်ထုံးလုပ်နည်းများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ညနေပိုင်းတွင် အဆိုပါ စီမံကိန်း လက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

 

Most Read

Most Recent