<

နည်းပညာသုံးစွဲမှုကို လိုအပ်သလိုစောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

 

လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က အောက်တိုဘာ ၂၅ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှရရှိသော အချက်အလက်များအရ ၂၀၁၇ ခုနှစ် မေလကုန်အထိ မိုဘိုင်းဖုန်းအသုံးပြုသူ ၅၄ ဒသမ ၃၄ သန်းနှင့်အထက်ရှိကြောင်း၊ ထိုအထဲမှ ရာခိုင်နှုန်း ၉၀ အထက်မှာ စမတ်ဖုန်း အသုံးပြုကြကြောင်း၊ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းနီးပါးသည်လည်း လူမှုကွန်ရက်ဖြစ်သည့် Facebook၊ Instagram၊ Twitter များမှ Facebook ကို အထူးအသုံးပြု ကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အစရှိသဖြင့် များစွာအကျိုးကျေးဇူးများရရှိကြောင်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ နည်းပညာများ ဖြန့်ဝေကြသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း သိရှိနိုင်ကြောင်း၊ ထိုသို့ ကောင်းကျိုး သက်ရောက်မှုများရှိသကဲ့သို့ ဆိုးကျိုးသက်ရောက်မှုများ ရှိသည်ဆိုသည်ကိုလည်း မည်သူမျှ ငြင်းနိုင်မည်မဟုတ်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

သတင်းစာ၊ ဂျာနယ် အစရှိသည့် မီဒီယာများထက် လူမှုကွန်ရက်မှ ပေးသည့်သတင်းစကားများသည် ပြည်သူများအကြား ထိရောက်မြန်ဆန်ပြီး အဓိကလမ်းကြောင်း ဆိုသလိုဖြစ်နေသည်ကို သတိပြုမိကြမည်ဖြစ်ကြောင်း၊ သတင်းအမှန်များကဲ့သို့ သတင်းအ မှားများသည်လည်း အလွန်လျင်မြန်သည့်အရှိန်အဟုန်ဖြင့် ပြည်သူများအကြား ပျံ့နှံ့ သွားသည်ကို တွေ့မြင်နေရကာ Facebook သုံးစွဲသူများလိုက်နာရမည့် Community Standard များ သတ်မှတ်ထားပြီး Report လုပ်နိုင်သည်ဆိုသော်လည်း မပြီးပြတ်သေး သည့်အခြေအနေအရ နာရီနှင့်အမျှ သန်းနှင့်ချီသော အသုံးပြုသူများ၏ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် အလွန်ခက်ခဲပြီး လူငယ်လူရွယ်တွေကို ပစ်မှတ်ထားသည့် ညစ်ညမ်းရုပ်ပုံများ၊ ဗီဒီယိုဖိုင်များဖြန့်ချိမှု၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူများ၏ လှုပ်ရှားမှု များမှာ အမည်ဝှက်အမျိုးမျိုး၊ အကောင့်အမျိုးမျိုးဖြင့် လူမှုကွန်ရက်၏ဆိုးကျိုးများဖြစ်လာသည်ကို တွေ့နေရကြောင်း ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။

နိုင်ငံတွင် Sim Card မှတ်ပုံတင်လုပ်ငန်း ပြုလုပ်နေသော်လည်း ထိထိရောက်ရောက် စည်းကမ်းကြပ်မတ်နိုင်မှု မရှိသေးသည်ကို တွေ့ရှိရပြီး လူမှုကွန်ရက်မှတစ်ဆင့် လောင်းကစားမှု၊ တရားမ၀င်ရောင်းဝယ်မှု၊ တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖြန့်ချိမှု၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေသည့် သတင်းအမှားများ လုပ်ကြံဖန်တီးမှုတို့ကြောင့် ရာဇ၀တ်မှုခင်းများတွင် သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများ မြင့် တက်နေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိနေရကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ် ပျက်ပြားပြီး အကျင့်စာရိတ္တများ ပိုမိုပျက်စီးလာခြင်းသည် နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာစေကြောင်း ဒေါ်ယဉ်မင်းလှိုင်က အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြား သည်။

“ကျွန်မတို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို သွားနေတဲ့ ခရီးလမ်းမှာ  တိုင်းပြည်သယံဇာတဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ပြည်သူတွေနဲ့ လူငယ်တွေကို အကျင့်စာရိတ္တပိုင်းဆိုင်ရာက အလွန်အရေးကြီးသလို လူမျိုးရေးဘာသာရေး တို့နဲ့ သွေးကွဲမှုများ ဖန်တီးခံနေရတဲ့အရေးကလည်း  အလွန်အရေးကြီးပါတယ်”ဟု ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတွင် လူမျိုး၊ ဘာသာပေါင်းစုံတို့သည် လွတ်လပ်စွာ အခြေချနေထိုင်ကာ စီးပွားရှာလျက်ရှိပြီး နိုင်ငံသားဟူသရွေ့ နိုင်ငံသား အခွင့်အရေးကို ခွဲခြားဆက်ဆံခံရမှုမရှိဘဲ အပြည့်အ၀ ခံစားလျက်ရှိသော်လည်း နိုင်ငံသားမဟုတ်သူများက လူ့အခွင့်အရေးကို အကြောင်းပြ၍လည်းကောင်း၊ ပြည်တွင်း ပြည်ပရှိ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူများကလည်း လူမှုကွန်ရက်များတွင် လှုံ့ဆော်မှု အမျိုးမျိုးပြုလုပ်ပြီး နိုင်ငံကို လူမျိုးရေး ဘာသာရေးခွဲခြားသည့်နိုင်ငံအဖြစ် ပုံဖော်လျက်ရှိပြီး နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ် နေကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရက IT နည်းပညာအလွဲအသုံးပြုမှုများ၊ ရည်ရွယ်ဆိုးဖြင့်သုံးစွဲမှုများကို စောင့်ကြည့်ထိန်းကျောင်းရန် လိုအပ်လာပြီဖြစ်ကာ မီဒီယာ လွတ်လပ်ခွင့်နှင့် ပြည်သူတို့၏သတင်းသိပိုင် ခွင့်တို့ကို မထိခိုက်စေဘဲ ဒီမိုကရေစီအခွင့်အရေးကို အများပြည်သူတို့ အပြည့်အ၀ရရှိစေရန်အတွက် စည်းစနစ်တကျရှိသည့် နည်းလမ်းများရှာဖွေ၍ သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအနေဖြင့် IT နည်းပညာအလွဲသုံးမှုများကို စောင့်ကြည့်ထိန်း ကျောင်းမှုပြုလုပ်ပေးရန် တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က အဆိုတင်သွင်းသည်။

အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

October 25, 2017














Copy Protected by Chetan's WP-Copyprotect.