သာကေတမြို့နယ်ရှိ ရပ်ကွက်ဈေးများတွင် ရောင်းချသော ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ အမဲသွေး၊ ကြက်သွေး အရောင်းဆိုင်များကို FDA က ရှောင်တခင်စစ်ဆေး

သာကေတမြို့နယ်ရှိ ရပ်ကွက်ဈေးများတွင် ရောင်းချသော ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ အမဲသွေး၊ ကြက်သွေး အရောင်းဆိုင်များကို FDA က ရှောင်တခင်စစ်ဆေး
Published 26 October 2017

အောက်တိုဘာ၂၄ရက်က သာကေတမြို့နယ်ရှိ ရပ်ကွက်ဈေးများအား FDA က ရှောင်တခင်စစ်ဆေးနေစဉ်

အောက်တိုဘာ ၂၄ ရက်က သာကေတမြို့နယ်ရှိ အမှတ် (၃) ရပ်ကွက်ဈေးနှင့် အမှတ် (၇) ရပ်ကွက်ဈေးများတွင် ရောင်းချသော ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲ၊ အမဲသွေး၊ ကြက်သွေး အရောင်းဆိုင်များကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

အောက်တိုဘာ ၂၄ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံး) အဖွဲ့သည် သာကေတမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့် သာကေတမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ဈေးနှင့် အမှတ် (၇) ရပ်ကွက်ဈေးတို့မှ စားသောက်ကုန်ရောင်းချသော ဆိုင်များတွင် ဖော်မလင်ထည့်သွင်း အသုံးပြုနေသော အစားအသောက်များ (မုန့်ဖတ်၊ ပဲပြား၊ အမဲသွေး၊ ကြက်သွေး)၊ ခေါက်ဆွဲနှင့် ရောနှောဆီများကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝယ်ယူစစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးခဲ့သော အစားအသောက်များတွင် ခွင့်မပြု ဓာတုပစ္စည်းသုံးစွဲထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ဈေးအတွင်းရှိ ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါသော ဆေးဝါးများ ရောင်းချခြင်းရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်ကလည်း ရွှေပြည်သာမြို့နယ်ရှိ သီရိမာလာဈေးနှင့် နဝရတ်ဈေးများတွင် ရောင်းချသော ပဲပြား၊ မုန့်ဖတ်၊ ခေါက်ဆွဲအရောင်းဆိုင်များ အားလုံးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ သီရိမာလာဈေး၊ နဝရတ်ဈေးတို့မှ ပဲပြား၊ မုန့်ဖတ်၊ ညှပ်ခေါက်ဆွဲဖတ်၊ နန်းကြီးဖတ် ရောင်းချသော ဈေးအရောင်းဆိုင်များမှ အစားအသောက် နမူနာများအဖြစ် ပဲပြားလေးမျိုး၊ မုန့်ဖတ်သုံးမျိုး၊ ညှပ်ခေါက်ဆွဲဖတ်နှစ်မျိုး၊ နန်းကြီးဖတ်တစ်မျိုးတို့အား ဝယ်ယူစစ်ဆေးခဲ့ရာ  နမူနာများအားလုံးတွင် တားမြစ်ထားသည့် ဖော်မလင်ပါဝင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဟင်းသီးဟင်းရွက်၊ သားငါး လက်လီလက်ကား ရောင်းချသည့် ဈေးများအားလုံးကို ဈေးကွက် ထောက်လှမ်းစောင့်ကြည့်ရန် Master Plan ရေးဆွဲထားပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်းနှင့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်၍ ကျေးရွာအရောက် ပညာပေးခြင်း စီမံချက်ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပထမနှစ်က ကျေးရွာပေါင်း ၆၀၀ ကျော်တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ ယခုနှစ်အတွင်း ကျေးရွာပေါင်း ၁၂၀၀ တွင် တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent