<

မောင်တောဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်း အများအပြား ပိတ်သိမ်းခဲ့ပြီးဖြစ်သော်လည်း ဟိန္ဒူဘာသာဝင်များနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မောင်တောမြောက်ပိုင်းမှကျေးရွာသားများ နေရပ်မပြန်နိုင်သေး

 

နေရပ်ပြန်သူများအား ဘူးသီးတောင်ဆိပ်ကမ်းတွင် တွေ့ရစဉ်

မောင်တောဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်း အများအပြားကို ပိတ်သိမ်းခဲ့ပြီးဖြစ်သော်လည်း ဟိန္ဒူဘာသာဝင်များနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မောင်တောမြောက်ပိုင်းမှ ကျေးရွာသားများ နေရပ်မပြန်နိုင်သေး ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နှင့် အခြားမြို့နယ်များသို့ တိမ်းရှောင်သွားသူများ အမြန်ရေယာဉ်၊ သင်္ဘောဖြင့် နေ့စဉ် အပြန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ရှိ မောင်တောဒေသမှ နေရပ်စွန့်ခွာသူများအား ခိုလှုံလျက်ရှိသည့် ကယ်ဆယ်ရေးစခန်း ၃၀ ကျော်တွင် သုံးခုသာ ကျန်ရှိတော့ပြီး စခန်းအားလုံးနီးပါး ပိတ်သိမ်းခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေက တိုင်းရင်းသားတွေအားလုံး ပြန်သွားကြပါပြီ။ ဟိန္ဒူဘာသာဝင်တွေနဲ့ တိုင်းရင်းသား ကျောင်းသားတချို့သာ ကျန်ပါတော့တယ်”ဟု နေရပ်စွန့်ခွာသူများအား ကူညီစောင့်ရှောက်ပေးနေသည့် ဦးအောင်ဌေးက ပြောကြားသည်။

လက်ရှိတွင် နေရပ်ပြန်သူများ နည်းပါးလာပြီဖြစ်ပြီး ယခင်က တစ်နေ့လျှင် နေရပ်ပြန်ဦးရေ ၂၀၀ ကျော်အထိ ရှိခဲ့သော်လည်း လက်ရှိတွင် နေရပ်ပြန်သူများမှာ ဆယ်ဂဏန်းသာ ရှိတော့ကြောင်း သိရသည်။

“အရင်တုန်းကတော့ တစ်နေ့ကို ၂၀၀ ကျော် ပြန်ကြတယ်။ အခုတော့ နည်းသွားပြီ ဒီကနေ့ဆိုရင် အစိုးရက စာရင်းပေးတာ နေရပ်ပြန်သူ ၂၀ သာရှိတယ်”ဟု ဘူးသီးတောင်မြို့မှ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ဘူးသီးတောင်မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသူများလည်း နေရပ်ပြန်သွားကြပြီဖြစ်ပြီး လူဦးရေ ၂၀၀ ခန့်သာ ကျန်တော့ကြောင်း ဘူးသီးတောင် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီမှ ဦးဇော်ဝင်းက ပြောကြားသည်။

ဘူးသီးတောင်မြို့တွင် ကူညီကယ်ဆယ်ရေး စခန်း ၁၀ ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဟိန္ဒူဘာသာဝင် ၄၀၀ ခန့် ကျန်ရှိတော့ကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့ လေးမိုင်စာသင် ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ နေရပ်စွန့်ခွာသူအားလုံး ပြန်သွားကြပြီဖြစ်ပြီး မောင်တောမြို့ သာသနာ့ဗိမာန်တွင် ကျေးရွာမီးရှို့ခံခဲ့ရသည့် နံ့သာ တောင်ကျေးရွာသားများ နေရပ်မပြန်နိုင်သေးကြောင်း၊ အထကကျောင်းတွင် ခိုလှုံနေကြသည့် ဟိန္ဒူဘာသာဝင်အချို့ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ထို့ပြင် သုံးမိုင်ပရဟိတကျောင်းတွင် ခိုလှုံနေကြသည့် မြိုတိုင်းရင်းသားများ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင်ခေါင်းဆောင် ဦးအနီမောလ်က “အခု စစ်တွေမြို့ နေရာသုံးခုမှာ ဟိန္ဒူ ၁၀၀၀ ကျော် နေရပ်မပြန်နိုင်သေးပါဘူး။ ဒါ့အပြင် ဘူးသီးတောင်မှာ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တချို့ ပြန်တာရှိတယ်။ ဒါပေမဲ့ မောင်တောရောက်တော့ အလုပ်မရှိ အကိုင်မရှိ၊ ကူညီသူမရှိတော့ အခက်အခဲ ဖြစ်ကြတယ်။ အဲဒီသတင်းကိုကြားတော့ စစ်တွေက ကျန်တဲ့သူတွေ မပြန်ရဲတော့ဘူး။ ဒါ့အပြင် ခမောင်းဆိပ်အပါအ၀င် မောင်တောမြို့နယ်မြောက်ပိုင်းက ဟိန္ဒူတွေ မပြန်ရဲတော့ဘူး။ အခု ကျွန်တော်တို့ လိုချင်တာက ကျွန် တော်တို့ ဟိန္ဒူဘာသာဝင်တွေကို တစ်စုတစ်ဝေးတည်း နေရာချထားပေးစေချင်ပါတယ်။ သက်ဆိုင်ရာကိုလည်း တင်ပြထားပါတယ်။ ကျွန်တော်တို့ကို အစိုးရက ကူညီစောင့်ရှောက် ပေးစေချင်တယ်။ ကျွန်တော်တို့ လုံခြုံရေးနဲ့ အဝေးမှာ မနေလိုတော့ဘူး။ ကားလမ်းနံဘေးမှာ တစ်စုတစ်ဝေးတည်း နေရာချထားပေးဖို့ တောင်းဆိုပါတယ်”ဟု ပြောကြားသည်။

စစ်တွေမြို့ ဓည၀တီအားကစားကွင်းတွင် ဟိန္ဒူ ၆၀၀ ကျော်၊ ကျောင်းကြီးလမ်း ဘုရားကျောင်းနှစ်ကျောင်းတွင် ၄၅၀ ကျော်  နှင့် မောင်တောမြို့နယ် တမန်းသား၊ ခမောင်းဆိပ်၊ မောင်တောမြို့ လေးမိုင်ရပ်ကွက်တို့မှ နေရပ်စွန့်ခွာသူများဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့တွင် ၄၀၀ ကျော်၊ မောင်တောမြို့တွင် ၈၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

October 25, 2017














Copy Protected by Chetan's WP-Copyprotect.