<

မြိတ်မြို့ရှိ KBZ မီနီဘဏ်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ငွေလုယက်သွားမှုနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများ အပါအ၀င် မသင်္ကာသူများအား ခေါ်ယူစစ်ဆေးနေပြီး ဆက်စပ်နယ်မြေများတွင်လည်း ရှာဖွေမှုများပြုလုပ်နေ

မြိတ်မြို့နှင့် ဆက်စပ်နယ်မြေများတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်

မြိတ်မြို့ရှိ KBZ မီနီဘဏ်တွင်သေနတ်ဖြင့် ခြိမ်းခြောက်ငွေလုယက်သွားမှုနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများ အပါအ၀င် မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆက်စပ်နယ်မြေများတွင်လည်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သော မြိတ်မြို့၊ ကန်ဖျားနယ်မြေရှိ ကမ္ဘောဇမီနီဘဏ် ငွေလုယက်ခံရမှုတွင် ပြစ်မှုကျူးလွန်သူမှာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

Wave 100 အမျိုးအစား အဖြူရောင်ဆိုင်ကယ် (နံပါတ်မပါ) စီးနင်းလာသူမှာ ဘဏ်အတွင်းသို့ ဆိုင်ကယ်ဦးထုပ်ဆောင်းကာ ၀င်ရောက်လာပြီး ဘဏ်ဝန်ထမ်းများ၊ Consumer များကို သေနတ်ဖြင့်ချိန်ကာ ကောင်တာတွင် ခြိမ်းခြောက်ငွေတောင်းယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘဏ်ကောင်တာမှ ကျပ်သိန်း ၂၇၀ အား လုယူသွားပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းတွင် ( ပ ) ၂၄၁၅/  ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အရေးယူဆောင်ရွက်ထားကာ တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

“ဘဏ်ဝန်ထမ်းတွေ၊ Consumer တွေကို မေးမြန်းနေပါတယ်။ မသင်္ကာသူတချို့ကိုလည်း ခေါ်ယူစစ်ဆေးနေပါတယ်။ ဘဏ်မှာသေနတ်ပြ ခြိမ်းခြောက်ငွေလုယက်သွားတာနဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းပုံတွေကို ဆက်စပ်နယ်မြေများကို ဖြန့်ဝေပြီး တရားခံကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ ခရိုင် ရဲမှူးရဲ့အနီးကပ်ကြီးကြပ်မှုနှင့် ဆောင်ရွက်နေပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်ကာ ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွဲကူးတံတားမှာ ဒုရဲမှူးသံမရောင်း ( ဒုမြို့နယ်မှူး )၊ ပသောင်းတံတားမှာ ရဲအုပ် သိန်းဝင်းဇော် ( တောင်းရှည်ရဲစခန်းမှူး ) တို့ ဦးဆောင်ပြီးပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီလိုမြို့လယ်ကောင်မှာ ဖြစ်သွားတဲ့အတွက် အတော်လေး သိက္ခာကျစရာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပုံပန်းသဏ္ဌာန်အရဆိုရင် ဖမ်းဆီးရမိဖို့ နီးစပ်နေပါတယ်” ဟု မြိတ်မြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်အောင်ဝင်းလှိုင်က ပြောကြားသည်။

မီနီဘဏ်တွင် သေနတ်ပြခြိမ်းခြောက် ငွေလုယက်သွားသူမှာ ကန်ဖျားလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကာ မဟာစည်ရိပ်သာလမ်းအတိုင်း ၀င်ရောက်သွားကြောင်း သိရသည်။ ဘဏ်တွင် သေနတ်ပြ ခြိမ်းခြောက်ငွေလုယက်သူမှာ တစ်ကိုယ်တော် လာရောက်ခဲ့ပြီး ဘဏ်အတွင်းရှိလူ ၁၀ ဦးခန့်ကို ခြိမ်းခြောက်ကာ လုယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးအတွက် မြိတ်။ ပုလော၊ ကျွန်းစု၊ တနင်္သာရီမြို့နယ်အတွင်းရှိ တံတားများ၊ စစ်ဆေးရေး ဂိတ်များနှင့် ထွက်ပေါက်များအားလုံးတွင် ဒုမြို့နယ်မှူးများ ကြီးကြပ်ကာ ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

October 25, 2017














Copy Protected by Chetan's WP-Copyprotect.