ပြည်မြို့ ရွှေတံခါးဘူတာ အဝင်တွင် ပြည်-နေပြည်တော် ရထားတွဲ ဘီးချော်မှုဖြစ်ပွားပြီး ခရီးစဉ်ခေတ္တ ရပ်ဆိုင်းထားရ

ပြည်မြို့ ရွှေတံခါးဘူတာ အဝင်တွင် ပြည်-နေပြည်တော် ရထားတွဲ ဘီးချော်မှုဖြစ်ပွားပြီး ခရီးစဉ်ခေတ္တ ရပ်ဆိုင်းထားရ
Published 25 October 2017

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၊ ရွှေတံခါးဘူတာအဝင်တွင် ပြည်-နေပြည်တော် ရထားတွဲ ဘီးချော်မှု ဖြစ်ပွားခဲ့ပြီး ခရီးစဉ် ခေတ္တရပ်ဆိုင်း ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြည်-နေပြည်တော် ပြေးဆွဲနေသည့် ရထားမှာ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက်(၆) နာရီခန့်က ပြည်မြို့၊ ဘူတာကြီးမှ ထွက်လာခဲ့ပြီး မိုင်တိုင်အမှတ် (၁၅၇/၁၇ နှင့် ၁၅၇/၁၈) အကြား ရွှေတံခါးဘူတာရုံအဝင် လမ်းခွဲတွင် ဘီးချော်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ လမ်းနှစ်လမ်းကူးတဲ့ point မဟုတ်ဘူး crossing body ဆိုတာက တစ်လမ်းနဲ့ တစ်လမ်းကို ကူးတဲ့ crossingbody အဲလျှာလေးက ချွန်နေတဲ့အတွက် တစ်ဘက်ကိုနင်းရမှာကို တစ်ဖက်ကို ချော်တက်သွားတဲ့အတွက် ကျသွားတယ်။ လောလောဆယ် အနေအထားကတော့ အဲတာပါ။ ဆုံးဖြတ်ချက်ကတော့ တိုင်းပြီးမှပဲ အမှန်ရမယ်။ အကြမ်းဖျင်းအားဖြင့် အဲလိုပဲ ကျသွားတယ်” ဟု ပြည်ဘူတာကြီး အထူးတန်းရုံပိုင်ကြီး ဦးသောင်းလွင်က ပြောကြားသည်။

အဆိုပါ ခရီးစဉ်အတွင်း ပြည်မြို့မှ ခရီးသည် (၁၇) ဦးလိုက်ပါလာခဲ့ပြီး ပြန်လည်မထွက်ခွာနိုင်မီ အချိန်အတွင်း ရွှေတံခါး ဘူတာရုံတွင် ရွေ့ပြောင်းထားရှိကြောင်း သိရသည်။

“အခုတော့ လောလောဆယ် ရတဲ့နည်းနဲ့ မ,နေတယ်။ လောလောဆယ် စက်ခေါင်းက တစ်ခုနဲ့ တစ်ခုက အမျိုးအစား ချိတ်ဆက်မတူတော့ ဆွဲဖယ်လို့မရဘူး ဖြစ်နေတယ်။ အားကလည်းနည်းတယ် တွဲချိတ်ဆက်ပြုတ်မှ ကောင်းကောင်း မ, လို့ရမယ် အခုကနှစ်တွဲကြီး ပူးနေတဲ့အတွက် ဆွဲခွာနေတယ် အခုကတော့ ဟသွားပါပြီ။ ဒီလောက်ကတော့ ကရိန်းမခေါ်ပါဘူး ရိုးရိုးဂျိုက်နဲ့ တန်ငါးဆယ် ဂျိုက်တို့ပေါ့ ချို့ယွင်းချက်ကတော့ ရထားလမ်း ချို့ယွင်းချက်ပေါ့။ မောင်းတာကတော့ ဟိုဘက်ကတည်းက မောင်းလာကြတယ်။ အကြမ်းဖျင်းအားဖြင့် နှုတ်လျှာဖျားလေးက ချွန်နေတဲ့ အတွက်ကြောင့် ဒီဘက်လမ်းထဲကို ဝင်ရမယ့်ဘီးက ကျော်တက်သွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ပြည်-နေပြည်တော် ရထားမှာ ခရီးတွင် ပြည်ဘူတာမှ လူစီးနည်းပါးပြီး ယခင်က ပြညမြို့မှ နေ့စဉ် နံနက်(၆) နာရီခွဲတွင် ထွက်ခွါခဲ့သော်လည်း ယခုတွင် တစ်ရက်ကြား တစ်ခါသာ ထွက်တော့ကြောင်း မကြာသေးသည့် လပိုင်းအတွင်းကလည်း ရန်ကုန်-ပုဂံရထားမှာ ရွှေတံခါးဘူတာမှ အထွက်တွင် လမ်းချော်တိမ်းစောင်းမှု ဖြစ်ပွားခဲ့ကာ ခရီးသွားများအား လိုင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent