ပုပ္ပားတောင်ကလပ်အနီး မြေကျွံမှုဖြစ်ပွားပြီးနောက် ဆက်လက်ရွေ့လျားနေသဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ လေ့လာဆန်းစစ်မည်

ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှုများ ဖြစ်ပွားပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ပုပ္ပားတောင်ချစ်သူများအသင်း)

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ် အနီးတစ်ဝိုက်တွင် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ဆက်လက်ရွေ့လျားမှုများ ရှိနေသေးသဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီအဖွဲ့ကို ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန၊ စည်ပင်၊ မြေစာရင်း၊ ရဲတပ်ဖွဲ့၊ ဆောက်လုပ်ရေးဌာနတို့ဖြင့် ဖွဲ့စည်းပြီး ဒေသခံ အသင်းတစ်သင်းဖြစ်သည့် ပုပ္ပားတောင်ချစ်သူများ အသင်းက ပူးပေါင်းပါဝင်ကာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ အကူအညီကိုရယူ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က ဒီကတွေ့ရှိချက်တွေ ဘယ်လိုတွေ့တယ်။ ဘာတွေ ထိန်းသိမ်းရမယ်။ ဒါလေးတွေကို ပြောပြတယ်။ ကော်မတီဖွဲ့ပြီးသွားပြီး။ ၀န်ကြီးချုပ်က သူဟာသူ ဖွဲ့ပေးထားတယ်။ အဲဒီကော်မတီကနေ စောင့်ကြည့်ပြီးတော့ ဆက်ရွေ့နေသလား။ ရပ်သွားပြီးလားပေါ့။ ဆက်ရွေ့နေတယ် အန္တရယ်ရှိတယ်ဆိုရင် အုပ်ချုပ်မှု အစီအစဉ်က လုပ်ချင်လုပ်မှာပေါ့။ ခုတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး” ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ဘူမိပညာရှင် ဦးသန်းထွန်းက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက် ညပိုင်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး နောက် ပုပ္ပားတောင်ကလပ်သို့ သွားရာ လမ်းပိုင်းဖြစ်သည့် အောင်သိဒ္ဓိကုန်း အနီးတစ်ဝိုက်တွင် မြေကြောပြတ်၍ မြေနိမ့်ကျွံကျမှု ဖြစ်ပေါ်ခဲ့သည့်အပြင် အဆောက်အအုံအချို့၏ နံရံများ၊ ကြမ်းပြင်များလည်း အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များက ပဏာမ လေ့လာတွေ့ရှိချက်များကို အကြံပြုရှင်းလင်း တင်ပြခဲ့ကြသည်။

လက်ရှိအချိန်အထိ မြေလွှာလျှောကျခြင်းများ ရှိနေသေးပြီး နေထိုင်သူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ အသေးစိတ် လေ့လာတိုင်းတာမှုများ ပြုလုပ်သွားပြီး စောင့်ကြည့်သွားရန် လိုအပ်ကြောင်း၊ လမ်းများ ပြုပြင်ရာတွင်လည်း လက်ရှိမြေသားပေါ်တွင် ထပ်ဆောင်း၍ တည်ဆောက်မှုများ မလုပ်သင့်ကြောင်းနှင့် တိုင်းတာရရှိမှုများပေါ် မူတည်၍ အကောင်းဆုံး နည်းလမ်းများကို ရွေးချယ်ကာ ထိန်းသိမ်းကာကွယ်မှုများ ပြုလုပ်သွားရန် ဘူမိဗေဒပညာရှင်များက တင်ပြအကြံပြုခဲ့ကြကြောင်း သိရသည်။

လတ်တလောတွင် တောင်ကလပ်ဒေသ၌ မည်သည့် တည်ဆောက်ရေးလုပ်ငန်းမှ မပြုလုပ်ကြရန်နှင့် အရေးပေါ် အခြေအနေတွင် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာမှုမရှိစေရန် အစီအစဉ်များ ပြုလုပ်ထားသင့်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ညွှန်ကြားသွားကြောင်း သိရသည်။