မင်္ဂလာဒုံမြို့နယ်အတွင်း လှည့်လည်၍ ဆိုင်ကယ်များ လိုက်လံခိုးယူနေသူတစ်ဦးအား ဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်အတွင်း လှည့်လည်၍ ဆိုင်ကယ်များ လိုက်လံခိုးယူနေသူတစ်ဦးအား ဖမ်းဆီးရမိ
Published 25 October 2017

မင်္ဂလာဒုံမြို့နယ်အတွင်း လှည့်လည်၍ ဆိုင်ကယ်များ လိုက်လံခိုးယူနေသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဆိုင်ကယ်များခိုးယူနေသူ အာကြီး (၃၀ နှစ်) အား အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ သန္တိသုခလမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ အဆိုပါဆိုင်ကယ်မှာ သင်္ဃန်းကျွန်းကြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအား မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် အာကြီး (၃၀ နှစ်) အား အခြားခိုးမှုများ ကျုးလွန်ထားခြင်းရှိ၊ မရှိ စစ်ဆေးရာ ၎င်းမှာ မေ၊ ဇွန်၊ ဇူလိုင်လများအတွင်းက မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းရှိ အိုးအိမ်လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်နှစ်စီးအားလည်းကောင်း၊ ဇေကမ္ဘာဝင်း၊ ရွှေပေါက္ကံမြို့သစ်သို့သွားသည့် လမ်းမပေါ်တွင်ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ဖူးကြောင်း ၎င်း၏ထွက်ဆိုချက်များအရ သိရကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကာလများအတွင်း၌ပင် အာကြီး (၃၀ နှစ်) မှာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ဈေးသစ်အနီး ပဲခူးလမ်းပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ဖူးကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လအတွင်းက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှောင်လမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအားလည်းကောင်း၊ စက်တင်ဘာလအတွင်းက မင်္ဂလာဒုံမြို့နယ်အတွင်း လှည့်လည်၍ ဆိုင်ကယ်သုံးစီးအား ခိုးယူခဲ့ဖူးကြောင်း သိရသည်။

၎င်းမှာ မြို့နယ်အစုံမှ ဆိုင်ကယ် ၁၀ စီးကျော်အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ အမှုမှ သက်သေအဖြစ်ရရှိထားသည့် ဆိုင်ကယ်များအား ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနက ရဲအရာရှိတွေနဲ့ သက်ဆိုင်ရာစခန်းက ရဲအရာရှိတွေ ပူးပေါင်းပြီးတော့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့သူကို ခိုးယူထားတဲ့ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးပြီး အခြားခိုးမှုတွေ ရှိ၊ မရှိ စစ်ဆေးတဲ့အချိန်မှာတော့ အခြားဆိုင်ကယ်ခိုးမှု ၁၀ မှုပေါ်ပေါက်ခဲ့ပါတယ်။ သူ့ကိုတော့ မင်္ဂလာဒုံမြို့မရဲစခန်းနဲ့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ အသီးသီး အမှုတွေဖွင့်ထားပါတယ်။ အမှုက သက်သေခံဆိုင်ကယ်တွေကို ပြန်လည်သိမ်းဆည်းထားပြီး ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ သက်ဆိုင်ရာရဲစခန်းမှာ သွားပြီးစုံစမ်းမှုတွေ ပြုလုပ်နိုင်ပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ မြို့နယ်အစုံမှ ဆိုင်ကယ်များခိုးယူခဲ့သည့် အာကြီး (၃၀ နှစ်) အား မင်္ဂလာဒုံမြို့မရဲစခန်းနှင့် ထောက်ကြန့်နယ်မြေရဲစခန်းတို့တွင် အမှုများဖွင့်ထားကြောင်းသိရပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုးမှုများကျူးလွန်နေသူများကို ဆက်တိုက်ဖမ်းဆီးရမိလျက်ရှိကြောင်း သိရပြီး ၎င်းတို့အား အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent