<

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို NLD ပါတီဝင်များက ဆန္ဒထုတ်ဖော်မည်ဟု ရေးသားခဲ့သည့် Facebook အကောင့်ပိုင်ရှင်အား အမှုဖွင့်

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား NLD ပါတီဝင်များက ပူးပေါင်းဆန္ဒထုတ်ဖော်မည်ဟု မမှန်သတင်းရေးသားခဲ့သည့် Facebook အကောင့်တစ်ခုဖြစ်သည့် NLD Special News အကောင့်ပိုင်ရှင်အား စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အတွင်းရေးမှူး) က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

Facebook လူမှုကွန်ရက်စာမျက်နှာတွင် NLD Special News အကောင့်သည် အောက်တိုဘာ ၂၁ ရက်ညနေမှစတင်ကာ ဘဏ္ဍာငွေအလွဲသုံးစားမှုနှင့် ဘက်ဂျက်လိုငွေပြမှုတွေနှင့် ရင်ဆိုင်နေရသော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား နှုတ်ထွက်ရေး ဆန္ဒထုတ်ဖော်သွားမှာဖြစ်ကြောင်း၊ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စမ်းချောင်းမြို့နယ် အပါအ၀င် ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်နှင့် လသာမြို့နယ်များရှိ အဖွဲ့ချုပ်ပါတီဝင်များနှင့် ပူးပေါင်းဆန္ဒထုတ်ဖော်သွားမည်ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်ဟုဆိုသည့် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြခဲ့ကြောင်း တရားလို၏ အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းကြောင့် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အင်တာနက် Facebook လူမှုကွန်ရက်ပေါ်၌ ဂုဏ်သိက္ခာကျဆင်းကာ အသရေပျက်ခဲ့ရသဖြင့် ထိုသို့မဟုတ်မမှန်သတင်း ရေးသားခဲ့သော NLD Special News အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အတွင်းရေးမှူး) က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးအမှုဖွင့်ချက်များအရ သိရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းက (ပ) ၄၄၂/၂၀၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အဆိုပါအကောင့်ပိုင်ရှင်အား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

October 24, 2017














Copy Protected by Chetan's WP-Copyprotect.