ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို တာမွေဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်မည့် မိုက်ကယ်ကျော်မြင့်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်း

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို တာမွေဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်မည့် မိုက်ကယ်ကျော်မြင့်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်း
Published 24 October 2017

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား အောက်တိုဘာ ၂၄ ရက်တွင် တာမွေဟစ်တိုင်၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည့် မိုက်ကယ်ကျော်မြင့်အား ဆန္ဒထုတ်ဖော်ပွဲပြုလုပ်မည့်ရက်မတိုင်မီ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် တာမွေမြို့မရဲစခန်းက ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဦးတိုက်လျှောက်ထားခဲ့ခြင်းကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် ဗဟန်းမြို့နယ်ရှိ ၎င်း၏နေအိမ်မှအထွက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုက်ကယ်ကျော်မြင့်ကို တာမွေတရားရုံးက ပုဒ်မ ၅၀၅ (ခ) နဲ့ ဦးတိုက်လျှောက်ထားတယ်။ တရားရုံးကနေ ကျွန်တော်တို့ဆီကို ဖမ်းဝရမ်းပို့လိုက်လို့ သူ့ကို ဒီနေ့ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ဗဟန်းက သူ့ရဲ့နေအိမ်အထွက်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လက်ရှိမှာတော့ တရားရုံးချိန်ကျော်သွားလို့ တာမွေစခန်းမှာပဲ ဒီညထားပြီး မနက်ဖြန် နံနက် တာမွေတရားရုံးမှာ ရုံးထုတ်မှာပါ” ဟု တာမွေမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တာမွေမြို့နယ် တရားရုံးသို့ တရားလိုပြုလုပ်၍ တရားစွဲဆို ဦးတိုက်လျှောက်ထားခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမိုးဟိန်းဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူက ပြောကြားခဲ့သော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့ခြင်းမရှိပေ။

အောက်တိုဘာ ၂၄ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲအား ကနဦးတွင် မိုက်ကယ်ကျော်မြင့်က မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကျောက်တံတားမြို့မရဲစခန်းသို့ အဆိုပါဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုချက်တင်ရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ခွင့်ပြုချက်မရရှိခဲ့ဘဲ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ တာမွေဟစ်တိုင်၌ပြုလုပ်ရန် ပြောင်းလဲစီစဉ်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ ခုနှစ် ဇွန် ၂ ရက်တွင် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းအပိုင်း (၂) နှင့် ပတ်သက်သည့် မြေနေရာ အငြင်းပွားမှုကိစ္စကို တာမွေဟစ်တိုင်တွင် မီဒီယာများအား ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရပြီး အဆိုပါ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်အတွင်း ၎င်းအား ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တာမွေမြို့မရဲစခန်းက ဖမ်းဆီးအရေးယူ အမှုဖွင့်ခဲ့ကာ ဇွန် ၃ ရက် ညနေပိုင်းတွင် ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိတွင် အမှုများအား ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent