မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား မြန်မာသံရုံးက နေရပ်ပြန်ပို့ပေးမည်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား မြန်မာသံရုံးက နေရပ်ပြန်ပို့ပေးမည်
Published 24 October 2017

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးက နေရပ်ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက် တွင် ကွာလာလမ်ပူမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာထိန်းသိမ်းရေး စခန်းများသို့ ပုံမှန်သွားရောက်၍ လူတွေ့စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် မလေးရှားနိုင်ငံ Pekan Nenas လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃၃ ဦးတို့ကို တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ၎င်းတို့၏ အခက်အခဲများ၊ ကျန်းမာရေး အခြေအနေများအား မေးမြန်း၍ မြန်မာနိုင်ငံသား ဟုတ် မဟုတ် မေးမြန်းစိစစ်ခဲ့ရာ မြန်မာနိုင်ငံသားဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မလေးရှားနိုင်ငံ Pekan Nenas လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၃၃ ဦးသည် နေရပ်ပြန်လိုသဖြင့် C of I များ အခမဲ့ ထုတ်ပေးခဲ့ပြီး လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးက စနစ်တကျ စိစစ်ပြီးနောက် အချက်အလက်ပြည့်စုံစွာ တင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနေကြောင်းနှင့် အချက်အလက် ပြည်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလောနိုင်ငံသား မှန်ကန်စိစစ်နိုင်ခြင်း မရှိသေးသူများ ရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မြန်ဆန်စွာ အတည်ပြုချက်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent