မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် World Police Band Concert တီးခတ်ဖျော်ဖြေမှုတွင် လေးနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် ၂၇၆ ဦးဖြင့် နှစ်ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် World Police Band Concert တီးခတ်ဖျော်ဖြေမှုတွင် လေးနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် ၂၇၆ ဦးဖြင့် နှစ်ရက်ကြာ ကျင်းပမည်
Published 24 October 2017

အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ Summit Park View Hotel တွင် ပြုလုပ်သည့် (၂၂) ကြိမ်မြောက် World Police Band Concert သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် World Police Band Concert တီးခတ်ဖျော်ဖြေပွဲတွင် နိုင်ငံလေးနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် ၂၇၆ ဦးဖြင့် နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် သတင်းရဲတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူစိုးက အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ Summit Park View Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါပွဲအတွက် ဂျပန်နိုင်ငံမှ The MAI NICHI သတင်းစာနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စတင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က သုံးချက် ရှိပါတယ်။ အိမ်ရှင်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအမှတ်အသား သင်္ကေတ ဖော်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အခြား နိုင်ငံတကာ ရဲတပ်ဖွဲ့တွေရဲ့ အနုပညာနဲ့ ယဉ်ကျေးမှု အတူတကွ ပူးပေါင်းဖလှယ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ ပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ဝင်များ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေဖို့ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး မျိုးသူစိုးက ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ယခင်က ပါဝင်ရန် စီစဉ်ထားသော်လည်း ထိုင်းဘုရင်ဈာပန အခမ်းအနား ရှိသဖြင့် ပါဝင်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ The MAI NICHI သတင်းစာတိုက်မှ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကဟိုရီနိုအူချီက “နိုင်ငံတကာ တီးဝိုင်းဖျော်ဖြေမှုမှာ အခြားနိုင်ငံက ရဲတပ်ဖွဲ့တွေပါ ဖိတ်ခေါ်ပြီးတော့ ရဲတပ်ဖွဲ့ဝင် အချင်းချင်း၊ ရဲတပ်ဖွဲ့ဝင်များနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ချစ်ခင်ရင်းနှီးမှုကို ရည်ရွယ်ပြီး လုံခြုံစိတ်ချရတဲ့ မြို့တော်ကို တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၆ ခုနှစ်တည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုလို ကျင်းပနိုင်ဖို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကူအညီ အများကြီး ပေးထားပါတယ်” ဟု ပြောကြားသည်။

အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ဖျော်ဖြေပွဲပြုလုပ်မည့် ချီတက်လမ်းကြောင်းမှာ ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် စုရပ်အဖြစ် စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဆူးလေဘုရားလမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားထောင့်ရှိ ဆာကူရာတာဝါရှေ့တွင် မီနီကွန်ဆက်ပ် ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၂၉ ရက် ည၇ နာရီတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ လေးနိုင်ငံ တီးဝိုင်းအဖွဲ့တို့မှ တီးခတ်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တီးခတ်ဖျော်ဖြေပွဲများအား ၁၉၉၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ဂျပန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Most Read

Most Recent